မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ

2 posters

Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ

Post  Dr ds Wed Jun 16, 2010 7:59 pm

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တဂရုနာရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။
ရှေးဦးစွာ ဖိုရမ်တည်ထောင်သော တာဝန်ရှိသူများ၊ သည်လို တသီးတသန့် သာသနာပြန့်ပွားရေးအတွက် topic ဖွင့်ပေးသူများ၊ ကျွန်တော့အား သည် ဖိုရမ် လမ်းညွှန်ပေးသော မိတ်ဆွေများအား အထူး ကျေးဇူးတင်ပါသည်။ ထိုသူများ၏ ကောင်မွန်ရာကို အစားပေးသနားတော်မူပါစေ......
ဖိုရမ်တွင်းတွင် ရှိနေသော၊ ရောက်မလာသေးသော၊ ရောက်လာလတ္တံ့သော မွတ်စလင်ညီနောင်များအား ဖိတ်ခေါ်ပါသည်။
ကျွန်တော့်အနေဖြင့် ကျွန်တော် လေ့လာမိသလောက် ကျွန်တော်သိရှိသလောက် အနည်းငယ်မျှသော ဗဟုသုတများ၊ ကျင့်ရန်ကျဉ်ရန်များကို ခိုင်ရွန်အိုမသ် တို့ ၀တ္တရားရှိသည်တကြောင်း ကျွန်တော် စိတ်ပါသည်တကြောင်းတို့ကြောင့် ယခု ခေါင်းစဉ်အောက်တွင် အလျဉ်းသင့်သလို ဖော်ပြပါမည်။ ဒါအ်ဝသ်လုပ်ငန်းကို အုတ်တချပ်သဲတပွင့် ဆောင်ရွက်ပါမည်။ ညီနောင်များအားလည်း ဖိတ်ခေါ်ပါသည်။ ကျွန်တော့် ရေးသားချက်များသည် ကျွန်တော့် တာဝန်သာဖြစ်သဖြင့် အနည်းငယ် ချွတ်ချော်မှု ဖြစ်ခဲ့ပါက ကျွန်တော့်တာဝန်သာဖြစ်ပါကြောင်း၊ ဒါအ်ဝသ်လုပ်ငန်းသည် ကြီးလေးသော လုပ်ငန်းဖြစ်သည့်အားလျော်စွာ တတ်စွမ်းသလောက် ရေးသားမှုများတွင် အမှားများပါခဲ့ပါက ကျွန်တော့်တာဝန်သာဖြစ်ပါကြောင်း........
နောက်နေ့များတွင် အဆင်ပြေသလို ရေးသားသွားမည့်အကြောင်း(အင်ရှာအလ္လာဟ်)၊ ယနေ့အနေဖြင့် မိတ်ဆက် ရေးသားလိုက်ပါသည်။
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty ကျွန်တော်တို့ရဲ အီမာမ်....

Post  Dr ds Thu Jun 17, 2010 5:25 pm

အလ္လာဟ်အရှင်မြတ်မှ တပါး ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။ မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်၏ တမန်တော်ဖြစ်သည်
လူတစ်ဦးသည် သာမန်အားဖြင့် ဤကလေမာတော်ကို ကိုယ်စိတ်နှလုံး သုံးပါစလုံးဖြင့် ယုံယုံကြည်ကြည်ရွတ်ဆိုပြီးပါက အီမာန်ရှင် ဖြစ်သွားပေသည်။သို့သော် လူ တစ်ဦးနှင့် တစ်ဦး အသိဥာဏ်၊ တွေးခေါ်မှု၊ စဉ်းစားမှု စသည်တို့သည် တသမတ်တည်းမဟုတ်ပေ။ တချို့သည် အရာရာကို စေ့စေ့စပ်စပ်တွေးခေါ်လိုသည်။ အချို့ အရာရာကို သာမန်မျှ တွေးခေါ်သည်။ အီမာန်ယုံကြည်မှုပိုင်းတွင်လည်း အလ္လာဟ်အသနားတော်ဖြင့် ကျွန်တော်တို့သည် ငယ်ရွယ်စဉ်ကလေးဘ၀ကတည်းက အစ္စလာမ့်အသိုင်းအ၀ိုင်းတွင် မွေးဖွားကာ သည်ဝန်းကျင်နှင့် မစိမ်းခဲ့ကြချေ။ (အလ်ဟမ်းသို့လစ်လ္လာ)
ငယ်ရွယ်စဉ်ကတည်းက အရှင့် ကြီးကျယ်မှုများ၊ ဖန်ဆင်းမှုများကို ကြားနာခဲ့ကြပြီး ကျောင်းများတွင် အာမန်သို့ဗစ်လ္လာဟေ့ ဟူ၍ ဆိုခဲ့ကြသည်။ ထိုခံယူယုံကြည်မှုများသည် သင်ပြမှုသက်သက်၊ အခြားသူထံမှ နောက်လိုက်နည်းယူ၍ အရိုးအစဉ်ယုံကြည်မှုအဖြစ်စတင်ခဲ့ခြင်းဖြစ်သည်။ထိုအသိသည် ငယ်စဉ်ကဖြစ်သည်။ ကျွန်တော်တို့ အသက်အရွယ် အနည်းငယ် ရလာသောအခါ စဉ်းစားဥာဏ်သည် ရင့်သန်လာသည်။ ဗဟုသုတများလာသည်။ သိပ္ပံနှင့် ထိတွေ့ခွင့်ရလာသည်။ အရာရာကို သုံးသပ်လာသည်။ အီမာန်နှင့် ပတ်သက်ပြီး အဆင့်တက်ရတော့မည်။ ဥပမာ- ပထမဦးစွာ လူသားသည် အရာတစ်ခုကို ခြုံငုံ သိရှိထားသည်။ စူးစမ်းသုံးသပ်သည့်အခါ ထိုအရာကို အသေးစိတ်သိလာသည်။ ပထမသိခြင်းသည် ဗဟိဒ္ဓသဘော ဖြစ်သည်။ ဒုတိယသိခြင်းသည် အဇ္ဈတ္တသဘောဖြစ်သည်။ ပမာအားဖြင့်-လူတစ်ဦးကို အမှောင်ထဲတွင်မြင်ရသည်။ ထိုအခါ မြင်သူသည် အသိတစ်မျိုးရသည်(ဥပမာ လူတစ်ယောက်အမှောင်ထဲမှာပဲ)။ ထို သူကို အနီးကပ်မြင်ရသည့်အခါ ယခင်ကနှင့် မတူတော့သည် အသိတစ်မျိုးထပ်ရလာသည်(သြော် ငါ့မိတ်ဆွေ မောင်နီပဲ)။ နှစ်ခုသည် ဆန့်ကျင်ဘက်မဟုတ်ပေ။ ဒုတိယအသိသည် ပထမအသိကို ထပ်ဖြည့်ပေးခြင်း ဖြစ်သည်။
သည်လိုပဲ ကျွန်တော်တို့ ငယ်စဉ်က အရှင့် အသနားတော်ဖြင့် ရရှိထားသော အီမာန်ကို မြှင့်တင်ဖို့ လိုလာပါပြီ။
သည်နေရာမှာ ပြောဖို့လိုလာတာက ဖန်ဆင်းရှင်အကြောင်းပဲဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်ကို ကျွန်တော်တို့တွင် ရှိသော မဖြစ်စလောက်အသိဥာဏ်ဖြင့်သုံးသပ်လို့ မရပါ။ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များတွင် လူသာမန်တို့ နားလည်သဘောပေါက်နိုင်စွမ်းမရှိသည့် လျှို့ဝှက်မှုများ ရှိနေသည်။ လူသားတွင် သိခြင်း၊ စွမ်းခြင်းဟု အမည်ပေးထားသော အရည်အချင်းများ ရှိနေပြီး ထို အရည်အချင်းများနှင့် ချိန်ထိုးပြီး အရှင်၏ သိတော်၊ မြင်တော်၊ စွမ်းတော်မူခြင်းဂုဏ်တော်များကို စဉ်းစားနားလည်ယူရခြင်းဖြစ်သည်။ အရှင်တွင် လူသာမာန်တို့ချိန်ထိုးမရနိုင်သည့်၊ မသိနိုင်သည့် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များရှိသည်ကို ကျွန်တော်တို့ မသိနိုင်ပေ။ မတွေးတော မသုံးသပ်နိုင်ပေ။

သည်တော့ ကျွန်တော်တို့ရဲ့ အီမာန်၊ ယကီန်မ် ရင့်သန်လာစေဖို့ဘယ်လိုလုပ်မလဲ။
-ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ် သရဇ္ဈယ်ခြင်း၊
-ကျမ်းမြတ်၏ အဖွင့် တဖ်စိရ်ကို ဆည်းပူးခြင်း
-ဟဒီးစ်တော်များကို ဖတ်ရှုပြီး အနက်သဘောကို လေ့လာလိုက်စားခြင်း
-သူတော်ကောင်းတို့၏ ထိုင်ဝိုင်းများတွင် ပါဝင်နာယူခြင်းတို့ဖြင့် ကျွန်တော်တို့ရဲ့ နှလုံးသား လင်းဝင်းမှုရရှိမှာဖြစ်ပါတယ်။
အီမာမ်ရဲ့ နူရ် အလင်းရောင် ၀င်ရောက်လာမှာဖြစ်ပါတယ်။

အနှစ်ချုပ်လိုတာက................
-လူသား၏ အီမာမ်အပေါ် ဇွဲခတ် ကြိုးပမ်းမှု
-အတွင်းအဇ္ဈတ္တကို အလ္လာဟ်မှအပ အခြား အရာများမှ ကင်းစင်သန့်ရှင်းစွာထားရှိမှု
-ယကီန်၏ နူရ်အလင်းရောင် လင်းဝင်းမှု
စသည့် အဆင့်အတန်းများအလျောက် အီမာမ်၏ လျှိုဝှက်ချက်များ နှလုံးသားထဲတွင် ခံစားသိရှိလာရပေမည်။


(ရေးသူ၊ ဖတ်သူအားလုံး ရေးယုံ ဖတ်ယုံသက်သက် မဟုတ်ပဲ သာသနာအပေါ် လွယ်လင့်တကူလိုက်နာကျင့်သုံးနိုင်သော သောင်ဖိရ်စွမ်းအားချီးမြှင့်ပြီး အီမာန်အဆင့် မြှင့်တင်ပေးသနားတော်မူပါစေ.......အာမီးန်)
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty ကလေမာဟ် သွိုင်ယေဗာဟ်

Post  Dr ds Thu Jun 17, 2010 5:29 pm

ဆက်လက်ပြီး အစ္စလာမ့် မဏ္ဍိုင်ငါးရပ်တွင် ပထမဆုံး မဏ္ဍိုင်ဖြစ်သော ယုံကြည်မှုမှ ကလေမာတော်အကြောင်းကို အကျယ်ဖွင့် ပါမည်။

အလ္လာဟ်အရှင်မြတ်မှ တပါး ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။ မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်၏ တမန်တော်ဖြစ်သည်

ဤကလေမာတော်သည် အာရဗီ ၀ါကျအားဖြင့် နှစ်ကြောင်းပါသော်လည်း ကဏ္ဍအားဖြင့် (၄) ခုပါလေသည်။

၁။ အလ္လာဟ်အရှင်၏ ပြကတေ့တော်၊ တစ်ပါးတည်းတည်ရှိတော်မူခြင်းအကြောင်း
၂။ အရှင့် ၀ိသေသ ဂုဏ်တော်များအကြောင်း
၃။ အရှင့် လုပ်ရပ်တော်များအကြောင်း
၎။ တမန်တော်မြတ် (ဆွလ္လလ္လာဟို့အလိုင်ဟေ့ ၀စလ္လာမ်) သည် အရှင့် ရစူလ်တမာန်တော် အမှန်ဖြစ်ခြင်း၊
ဆင့်ပြန်ချက်များအကြောင်း ဟူ၍ လေးပိုင်း ပါရှိသည်။

တဖန် တစ်ပိုင်းချင်းကို အကျယ်ဖွင့်ပါက အခြေခံ ဆယ်ခုစီ အောက်ပါအတိုင်း ထပ်ထွက်လာပါသည်။

၁။ အလ္လာဟ်အရှင် ပြကတေ့တော်နှင့် တစ်ပါးတည်း တည်ရှိတော်မူခြင်းတွင်-
၁) အရှင့် တည်ရှိမှုကို သိခြင်း
၂) ထိုအရှင်သည် ပကတူး (ကနဦး) တည်ရှိတော်မူခြင်းကို သိခြင်း
၃) ထိုအရှင် အမြဲထာဝရ တည်ရှိမည့်အကြောင်းကို သိခြင်း
၎) ထိုအရှင်သည် ရုပ်ဝတ္ထုမဟုတ်ကြောင်းကိုသိခြင်း
၅) ထိုအရှင်သည် ကိုယ်ခန္ဓာဖြင့် တည်ရှိခြင်းမဟုတ်သည်ကို သိခြင်း
၆) ထိုအရှင်သည် အခြားအရာကို မီခိုရပ်တည်သည့် အရာမဟုတ်သည်ကို သိခြင်း
၇) ထိုအရှင်သည် ဘက် တစ်ခုခုဖြင့် သတ်မှတ်မှုမှ ကင်းလွတ်တော်မူသည်ကို သိခြင်း
၈) ထိုအရှင်သည် နေရာတစ်ခုခုတွင် တည်ရှိနေထိုင်ခြင်းမရှိကြောင်း သိခြင်း
၉) ထိုအရှင်ကို အာခေရသ်တွင် ဖူးမြင်ရမည်ကိုသိခြင်း
၁၀) ထိုအရှင် တစ်ပါးတည်း တည်ရှိတော်မူကြောင်းသိခြင်း

၂။ အရှင့် ၀ိသေသ ဂုဏ်တော်များတွင်လည်း-
၁) အရှင်သည် ရှင်နေတော်မူသောအရှင်ဖြစ်ကြောင်း
၂) သိတော်မူသောအရှင်ဖြစ်ကြောင်း
၃) စွမ်းတော်မူသောအရှင်ဖြစ်ကြောင်း
၎) ဆန္ဒထားတော်မူသောအရှင်ဖြစ်ကြောင်း
၅) ကြားတော်မူ၊ မြင်တော်မူသောအရှင်ဖြစ်ကြောင်း
၆) မိန့်ဆိုမြွက်ကြားတော်မူကြောင်း
၇) မိန့်ဆိုမြွက်ကြားမှုများသည် ပကတူး ဖြစ်တည်မှုရှိကြောင်း
၈) အရှင့်အသိတော်သည်လည်း ပကတူးဖြစ်တော်မူကြောင်း
၉) အရှင့်ဆန္ဒတော်သည်လည်း ပကတူးဖြစ်တော်မူကြောင်း
၁၀)အရှင်သည် အသိဖြင့် သိတော်မူ၊ အစွမ်းဖြင့်စွမ်းတော်မူ၊ အကြားဖြင့်ကြားတော်မူ၊ အမြင်ဖြင့်မြင်တော်မူသောအရှင်ဖြစ်ကြောင်း
(တစ်ချို့အချက်များ ထပ်နေသည်ဟု ထင်ပေလိမ့်မည်၊ အကျယ်ရှင်းသောအခါ သီးသန့်စီဖြစ်ကြောင်း ရှင်သွားပါလိမ့်မည်)

၃။ အရှင့်လုပ်ရပ်တော်များကို သိရှိယုံကြည်မှုအကြောင်းတွင်-
၁) လောကရှိအသစ်ဖြစ်သော အရာများသည် အရှင့် ဖန်ဆင်းမှုဖြစ်ကြောင်း
၂) အရှင်သည် လူသားတို့ ပြုမူလုပ်ဆောင်မှုများကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်း
၃) လူသားတို့ပြုမူသမျှသည် လူသားများအားထုတ်ဆောင်ရွက်သည်မှန်သော်လည်း အလ္လာဟ်အရှင့်အလိုအရသာဖြစ်ပေါ်ရကြောင်း
၎) လူသားတိုအား ဖန်ဆင်းခြင်း၊ အမိန့်ပညတ်ချက်များ ထုတ်ပြန်ပေးခြင်းဖြင့် အရှင်သည်လူသားတို့အား
ကျေးဇူးပြုတော်မူခြင်းအကြောင်း
၅) လူသားတို့ မထမ်းဆောင်နိုင်သော တာဝန်ကို အရှင်တာဝန်ပေးလိုက ပေးနိုင်ကြောင်း
၆) အရှင်သည် လူသားတို့ ရမည့်စွဝါဗ်ကို မပေးပဲ ပြစ်ဒဏ်ပေးလိုက ပေးနိုင်သော အရှင်ဖြစ်ကြောင်း
၇) အရှင်သည် လူသားများ အတွက် အလိုတော်အတိုင်း ပြုမူဆောင်ရွက်နိုင်သော အရှင်ဖြစ်ကြောင်း
၈) အရှင့်ကို သိခြင်းနှင့် အမိန့်နာခံခြင်းသည် အရှင့် အမိန့်အရနှင့် ရှရီအသ်တာဝန်ပေးချက်အရဖြစ်ပြီးလူသားအသိဥာဏ်အရ
တာဝန်ဖြစ်ခြင်းမဟုတ်ကြောင်း
၉) နဗီတမန်တော်များကို စေလွှတ်တော်မူခြင်းအကြောင်း
၁၀) တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟို့အလိုင်ဟေ့ ၀စလ္လာမ်)အားနောက်ဆုံးတမန်တော်အဖြစ်စေလွှတ်တော်မူခြင်းအကြောင်း

၎။ တမာန်တော်မြတ် (ဆွလ္လလ္လာဟို့အလိုင်ဟေ့ ၀စလ္လာမ်) ထံမှ ကြားသိရသော အရာများနှင့်ပတ်သက်၍-
၁) ကေယာမသ်နေ့တွင် သက်ရှိအားလုံး ရှင်ပြန်ထရမည့်အကြောင်း
၂) ဟဒီစ်တော်လာ မွန်ကရ်နှင့် နကီရ် ကောင်းကင်တမန်နှစ်ပါး၏ စစ်ဆေးမေးမြနးမှုအကြောင်း
၃) ကဘရ်သင်္ချိုင်း၌ ပြစ်ဒဏ်ခတ်မှုရှိခြင်းအကြောင်း
၎) မီဇာန် ခေါ် ဓမ္မချိန်ခွင်တော် အမှန်ရှိခြင်းအကြောင်း
၅) ဆွေရာတ် ခေါ် တံတားသည် ဂျဟန္နမ်၏ ကျောကုန်းပေါ်တွင် တည်ရှိနေကြောင်း
၆) ဂျန္နသ် နှင့် ဂျဟန္နမ်သည် အရှင့်ဖန်ဆင်းမှု သာဖြစ်ကြောင်း
၇) တမာန်တော်မြတ်(ဆွလ္လလ္လာဟို့အလိုင်ဟေ့ ၀စလ္လာမ်) နောက် အရိုက်အရာခံမည့် အဗူဗကရ်(ရသွေ့)သခင်အကြောင်း
၈) ဆွဟာဗဟ် (ရသွေ့) သခင်ကြီးများ ၏ ထူးမြတ်မှုများ
၉) အစ္စလာမ့်ခေါင်းဆောင်ဖြစ်ရန် လိုအပ်ချက်များ
၁၀) အစ္စလာမ့်ခေါင်းဆောင်ပိုင်း ရွေးချယ်မှု -
စသည်တို့ဖြစ်ပါသည်။
(အထက်ပါ အချက်များသည် ကျွန်တော် ချဲ့ထွင်ရေးခြင်းမဟုတ်။ အီမာမ်ဂဇာလီသခင်ကြီး၏ အဲဟ်ယာအွလ်အိုလူးမ် ကျမ်းမှ ထုတ်နုတ်တင်ပြချက်များသာဖြစ်ပါသည်။ ကျမ်းစာမြန်မာပြန်ကို ပြန်လည် ထုတ်နုတ်ရာတွင် အမှားအယွင်းများ ပါရှိခဲ့ပါက ကျွန်တော့် အားနည်းချက်သာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်)

အင်ရှာအလ္လာဟ် နောက်နေ့များတွင် အထက်ပါ အချက်များကို တစ်ချက်ချင်း အကျယ်ဖွင့် ရှင်းလင်းရေးသားပါမည်။ ကျွန်တော့်၏ အချိန်ချို့တဲ့မှုကြောင့် အချက်များကို ရက်ခြား ရက်ခြား ပြန်စာများအဖြစ် ခွဲခြား ရေးသားပါမည်။ တစ်ချို့ အချက်တစ်ချက်ကို reply တစ်ခုအဖြစ် ရေးသားမည်ဖြစ်သော်လည်း အနည်းငယ် တိုသော ရှင်းလင်းချက်များကို နှစ်ခု သုံးခုပေါင်းကာ ပြန်စာ တစ်ခုအဖြစ် တင်ပြသွားပါမည်။
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty အရှင့် တည်ရှိမှုကို သိခြင်း

Post  Dr ds Sat Jun 19, 2010 9:43 pm

--------------------------------------------(၁)--------------------------------------------

ယခု စတင်ပြီး ပထမ ကဏ္ဍကို ရှင်းလင်းပါမည်။
၁။ အလ္လာဟ်အရှင် ပြကတေ့တော်နှင့် တစ်ပါးတည်း တည်ရှိတော်မူခြင်း

၁) အရှင့် တည်ရှိမှုကို သိခြင်း

အလ္လာဟ်အရှင်၏ ပြကတေ့တော် ကို သိရှိနိုင်ရန် နည်းလမ်းသည် ကျမ်းမြတ်ကုရ်အာန်က ညွှန်ပြသော လမ်းဖြစ်သည်။ အကြောင်းမှာ အလ္လာအရှင်မြတ်၏ ရှင်းလင်းဖော်ပြမှုထက် ပို၍ ရှင်းလင်းသောအရာမရှိနိုင်သောကြောင့်ဖြစ်သည်။အရှင်က-

(( ငါအရှင်သည် ကမ္ဘာမြေကြီးကို လျောင်းစက်ရာအဖြစ်လည်းကောင်း၊ တောင်များကိုငုတ်အဖြစ်လည်းကောင်း ပြုမပေးပါသလော။ ထို့ပြင်ငါအရှင်သည် အသင်တို့ကို အစုံလိုက် ဖန်ဆင်းတော်မူသည်။ ငါအရှင်သည် အသင်တို့၏ အိပ်စက်ခြင်းကို အပန်းဖြေ အနားယူမှုအဖြစ် ပြုပေးတော်မူသည်။ ထိုပြင် ငါအရှင်သည် ညဥ့်ကို ခြုံလွှာအဖြစ် ပြုလုပ်ပေးတော်မူသည်။ ငါအရှင်သည် နေ့ကို ၀မ်းစာရှာရန် ပြုလုပ်ပေးတော်မူသည်။ ထို့ပြင်ငါအရှင်သည် သင်တို့အထက်၌ ခိုင်ခန့်မှု ခုနှစ်ခုကို တည်ဆောက်ထားတော်မူသည်။ ထိုအပြင် ငါအရှင်သည် ထိန်လင်းသော မီးအိမ်ကြီးကိုလည်း ပြုလုပ်ပေးတော်မူသည်။ ငါအရှင်မှပင် မိုးသား တိမ်တိုက်ထဲမှ ဖောသီစွာ မိုးရွာချပေးတော်မူသည်။ သို့မှသာ ငါအရှင်သည်
ထိုရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း အုပ်ဆိုင်းသော ဥယျာဉ်များကိုလည်းကောင်း ဖေါ်ထုတ်တော်မူရန်ဖြစ်သည်))
(စူရာနဘအ် ၂-၁၂)


ထပ်မံ၍
((ငါအရှင်သည် သင်တို့ကြားတွင် သေခြင်းကို သတ်မှတ်ထားတော်မူသည်။ ထိုပြင် ငါအရှင်သည် အသင်တို့ကဲ့သို့
အသွင်သဏ္ဍာန်တူများကို အသွင်ပြောင်းဖန်ဆင်းရန်လည်းကောင်း၊ အသင်တို့မသိသော အဆင်းသဏ္ဍာန်ဖြင့် အသင်တို့ကို
ဖန်ဆင်းရန်လည်းကောင်း မစွမ်းနိုင်သူမဟုတ်ချေ။ အသင်တို့သည် ပထမအကြိမ် ဖန်ဆင်းခြင်ကို သိကြပြီးဖြစ်ပါလျက် အဘယ်ကြောင့် အသိတရား မရနိုင်ကြသနည်း။ တဖန် အသင်တို့သည် မိမိတို့ စိုက်ပျိုးသော အရာကို မြင်ကြသလော။ ထိုအရာကို သင်တို့က စိုက်ပျိုးကြသလော။ သို့မဟုတ် ငါအရှင့်က (အမိန့်) လော။ အကယ်၍ ငါအရှင်အလိုရှိလျှင် ထိုအရာကို ခြောက်သယောင်းအောင်ပြုလုပ်တော်မူမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် အသင်တို့သည် နောင်တရကြလိမ့်မည်။ တဖန် အသင်တို့သည် မိမိတို့သောက်သုံးသော ရေကို မြင်ကြပါသလော။ ထိုရေကို တိမ်တိုက်မှ အသင်တို့က ရွာသွန်းစေကြသလော။
သို့မဟုတ် ငါအရှင်က ရွာချပေးသလော။ အကယ်၍ ငါအရှင့် အလိုရှိတော်မူလျင် ထိုရေကို ရေငံပြုလုပ်တော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့ အဘယ်ကြောင့် ကျေးဇူးမတင်ကြသနည်း။ တဖန် အသင်တို့သည် မိမိတို့ မွှေးကြသော မီးကို မြင်ကြပါသလော။ ထိုမီး ရနိုင်မည့် သစ်ပင်ကို အသင်တို့က ပေါ်ပေါက်စေသလော။ ငါအရှင်သည် ထိုအပင်ကို သတိတရားရစေရန်အတွက်လည်းကောင်း၊ ခရီးသည်များ အကျိုးရှိစေမှုအတွက်လည်းကောင်း ပြုလုပ်တော်မူခြင်းဖြစ်သည်။))
(စူရာဝါကိအာ ၅၇-၇၃)


ဤသည်မှာ အလျဉ်းသင့်သည့် အာယတ်တော်များသာ ထုတ်နှုတ်ပြခြင်း ဖြစ်ပါသည်။ အခြား အာယတ်တော်အများအပြားကို
ကုရ်အာန်ထဲတွင် တိတိကျကျ ဖော်ထုတ်ရေးသားထားပေသေးသည်။ ဤ အာယတ်များသည်လည်း သာမာန်များမဟုတ်ကြ။ လောင်ဝ်ဟေမာဖူဇ်မှ ကိုယ်တော်မြတ်ထံ ကျရောက်ခဲ့သော ၀ဟီများဖြစ်သည်။ အာရဗီစာပေကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သော (ထိုအချိန်က မွတ်စလင်မဟုတ်သေးသည့်) အာရဗ် အမျိုးသားများပင် (ထိုအချိန်က လောကီပညာကို မည်သူ့ထံကမှ မသင်ယူခဲ့ဖူးသော ပညာမဲ့) တမာန်တော်မြတ်လောင်းက သည်ကုရ်အာန်မှ အာယတ်တော်များကို ထုတ်ဖော် ဒါဝသ်လုပ်ငန်းလုပ်စဉ်က ကိုယ်တော့် အဆိုကိုလက်မခံသည်အပထား၊ သည်လိုအာရဗီစာသားကို မည်သူမှ ရေးသားစီကုံးနိုင်မည်မဟုတ်ဟု တအံ့တသြ လက်ခံခဲ့ကြသည်။ ဆိုချင်တာကကုရ်အာန်ဟာ လူတစ်ယောက်ရဲ့ လက်ရာ မဟုတ် အရှင့် ဆီမှသာဖြစ်ကြောင်း ပြောလိုရင်းဖြစ်သည်။

(ထိုအကြောင်းနှင့် ပတ်သက်ပြီး နောက်နောင်အလျဉ်းသင့်လျင် အကျယ်ဖွင့်ပါဦးမည်၊ အထက်ပါ အာယတ်များအပါအ၀င် အခြားကုရ်အာန် အစိတ်အပိုင်းများသည်လည်း သိပ္ပံပညာအရ ထပ်တူကျနေသည်များကိုလည်း နောင် ကုရ်အာန်နှင့်သိပ္ပံ ခေါင်းစဉ်ဖြင့် ဆွေးနွေးပါဦးမည်-အင်ရှာအလ္လာဟ်)

အချုပ်ဆိုသော် လူသား၏ဗီဇသဘာဝနှင့် ကျမ်းမြတ်ကုရ်အာန်၏ ထောက်ပြမှုများနှင့်ပင် အလ္လာဟ်အရှင် တည်ရှိမှုကို ပီပြင်လာစေပါသည်။

သို့နှင့်မှ သံသယ မြူမှုန်ခန့်ပင် ကျန်နေသေးလျှင် ပူးတွဲ ပါ အောက်မှ ပြန်စာအတိုင်း တွေးတောကြည့်ကြပါစို့.............
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty အရှင့် တည်ရှိမှုကို သိခြင်း

Post  Dr ds Sat Jun 19, 2010 9:57 pm

----------------------------------------------(၂)----------------------------------------

တဖ်ဆီရ် အဖွင့်များ ဟဒီးစ်တော်များ လူသား၏ဗီဇသဘာဝနှင့် ကျမ်းမြတ်ကုရ်အာန်၏ ထောက်ပြမှုများနှင့်ပင် အလ္လာဟ်အရှင် တည်ရှိမှုကို ပီပြင်လာစေပါသည်။

သို့နှင့်မှ သံသယ မြူမှုန်ခန့်ပင် ကျန်နေသေးလျှင် ဆက်လက်ပြီး သဘာဝ ယုတ္တိဖြင့် တွေးကြည့်ပါစို့။

အသစ်ဖြစ်ပေါ်လာသော အရာတစ်ခု၏ ဖြစ်ပေါ်မှုတွင် ထိုအရာကို ဖြစ်ပေါ်စေသော အကြောင်းခံ တစ်ခု မဖြစ်မနေလိုပါသည်။ (ဥပမာ သစ်ပင်ဖြစ်ဖို့ သစ်စေ့မှ စရသလိုပေါ့)။

တဖန် လောကသည် အသစ်ဖြစ်လာခဲ့သော အရာဖြစ်သည်။ ထို့ကြောင့် လောက ဖြစ်ပေါ်မှုအပေါ် အကြောင်းခံတစ်ရပ်မုချ လိုသည်။

လောကသည် အသစ်ဖြစ်သော အရာဖြစ်သည် ဆိုရာတွင် အောက်ပါသုံးချက်ဖြင့် အတည်ပြုသည်။

(၁) လောကရှိ ရုပ်ဝတ္ထုများသည် လှုပ်ရှားခြင်း တည်ငြိမ်ခြင်းတို့ဖြင့် မကင်းချေ။
(၂) လှုပ်ရှားခြင်း တည်ငြိမ်ခြင်းဆိုသည်တို့မှာ အသစ်ဖြစ်ပေါ်မှုဖြစ်သည်။
(၃) အသစ်ဖြစ်ပေါ်မှုနှင့် မကင်းနိုင်သော အရာသည် အသစ်ဖြစ်ပေါ်သော အရာပင်ဖြစ်သည်။


ပထမသဘော - ရုပ်ဝတ္ထု မှန်သမျှသည် လှုပ်ရှားမှု တည်ငြိမ်မှု နှင့် မကင်းပေဆိုသည်ကိုတော့ စဉ်းစားဥာဏ်ရှိသူတိုင်းနားလည်ပေသည်။

လူတစ်ယောက်က လောကမှာ ရုပ်ဝတ္ထုတစ်ခုက လှုပ်ရှားခြင်းလဲ မရှိ၊ တည်ငြိမ်ခြင်းလဲ မရှိဟုဆိုလာလျှင် ထိုသူ၏ စဉ်းစားဥာဏ်အား ပြန်သုံးသပ်ရန်လိုပေတော့မည်။

ဒုတိယသဘော- လှုပ်ရှားခြင်း တည်ငြိမ်ခြင်းဆိုသည်တို့မှာ အသစ်ဖြစ်ပေါ်မှုများဖြစ်သည်။ ထိုသို့ပြောရာတွင် ၎င်းတို့သည် တွဲကပ်၍ဖြစ်ပေါ်သည်။ ငြိမ်နေသော အရာသည် လှုပ်ရှားလာရန်ဖြစ်နိုင်သည်။ ထိုအတူ လှုပ်ရှားနေသောအရာတစ်ခုသည်လည်း တည်ငြိမ်သွားရန် ဖြစ်နိုင်သည်ကို မည်သူမှ မငြင်းနိုင်ပေ။ သို့ဖြစ်ရာ ထိုအခြေအနေ နှစ်ခု အနက် တစ်ခုသည် ရုပ်ဝတ္ထုတွင် ပေါ်ပေါက်နေသည်ဖြစ်ရာ ထိုပေါ်ပေါက်မှုသည် အသစ်ဖြစ်မှုပင်ဖြစ်သည်။ တဖန် ထိုအခြေအနေမတိုင်မီက ပေါ်ပေါက်မှုမရှိသေးသည့်အပေါ်မှာ ယင်းသည်လည်း အသစ်ဖြစ်ပေါ်မှုပင်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အသစ်ဖြစ်ပေါ်မှုမဟုတ်ပဲ ပကတူး (ကနဦး) တည်ရှိမှုဖြစ်ခဲ့လျှင် ထိုအရာသည် ထိုသတ်မှတ်ချိန် မတိုင်မီကတည်းက တည်ရှိနေပြီးဖြစ်ရမည်။

တတိယသဘော- အသစ်ဖြစ်မှုနှင့် မကင်းသော အရာသည် အသစ်ဖြစ်သော အရာပင်ဖြစ်သည်။

ဆိုကြပါစို့............

လူသည် အသစ်ဖြစ်မှု (မွေးဖွားမှု) နှင် မကင်းပေ။ အကယ်၍ အသစ်ဖြစ်မှု (မွေးဖွားမှု) နှင့် မကင်းသော အရာ (လူ)သည် အသစ်ဖြစ်သောအရာ (မွေးဖွားလာသောလူ) မဟုတ်ဟုဆိုလျှင် ထိုအလျှင်ကတည်း (ထိုသူ မမွေးခင်ကတည်း) က ထိုအရာရှိရမည် (သည်အချိန်မတိုင်ခင်ကတည်းက ထိုသူရှိမည်)။ ထိုသို့ အသစ်ဖြစ်မှုသည်
အချိန်မတိုင်မီတည်းက ရှိခဲ့သည်ဆိုလျှင်(ဟိုးအရင်ကတည်း ကျွန်တော်ရှိခဲ့သည်ဆိုလျှင်) လက်ရှိ တည်ရှိနေသည့် အသစ်ဖြစ်ပေါ်လာသော အရာ (၁၉၈၂ ခုနှစ်တွင်မွေးသော ကျွန်တော်) ဖြစ်ပေါ်လာရန် အကြောင်းမရှိတော့ချေ။ တဖန် အဆုံးစွန် ဟူ၍ မရှိလျှင် (ဟိုးအရင်တည်းကကျွန်တော်ရှိလျှင် မွေးလာတာ(အသစ်ဖြစ်မှု) မဟုတ်လျှင် သေသွားစရာ(အသစ်ဖြစ်မှု) လဲ မရှိသဖြင့် ကျွန်တော်သည် ထာဝရ တည်တံ့နေပေတော့မည်) ပြတ်တောက်မှု
မရှိနိုင်တော့ ပေ။ (ပမာပြခြင်း ဖြစ်ပါသဖြင့် အရှင် ခွင့်လွှတ်တော်မူပါရန်)

ယခု တတိယသဘော ပမာပြမှုကို သေခြာဖတ်ပေးပါရန်။ ၁၉၈၂ ခုနှစ်မှာမွေးသော (ဘယ်နှစ်ခုနှစ်မှာ သေမယ်မှန်းတော့ မသိသေးဘူး) ကျွန်တော့်သက်တမ်းကို အသစ်ဖြစ်မှုတစ်ခုအဖြစ် ပမာယူကာ ယင်း မတိုင်မီ ကျွန်တော် မတည်ရှိခဲ့ကြောင်း တင်စားခြင်းဖြစ်ပါသည်။

သည်တော့ အားလုံး ချုပ်လျှင် လောကသည် အသစ်ဖြစ်သောအရာဆိုတာ အတည်ပြုနိုင်ပါပြီ။ ထို့အထက်စာပိုဒ်အား ပြန်ကောက်ပါမည်။

အသစ်ဖြစ်သော အရာအတွက် အကြောင်းခံတစ်ခု မုချလိုအပ်သည်။

(သည်နေရာမှာ တခြား ဘာသာတွေကို ကျွန်တော် မဝေဖန်လိုပါ။ သို့သော် ဖန်ဆင်းရှင် တည်ရှိမှုကို တွေးခေါ်ရာတွင် အခြား သဘောများပါဝင်သွားပါလျင်..... နားလည်ပေးပါရန်။)

ဆိုကြပါဆို့ သစ်ပင်ဖြစ်ဖို့ ဘယ်က အကြောင်းခံလဲ။ (တခြား ရေ၊ မြေ၊ ရာသီခဏထားပါ) သစ်စေ့မှအကြောင်းခံသည်။ ထို့ကြောင့် သစ်ပင်သည် အကျိုး သစ်စေ့သည် အကြောင်းခံ။ တဖန် ထိုသစ်စေ့ ဘယ်ကလာသလဲ။ သစ်သီးကနေ ရပါတယ်။ အဲတော့ သစ်စေ့သည်အကျိုး သစ်သီးသည် အကြောင်းခံ။ နောက် သစ်သီး ဘယ်က ရသလဲ။ သစ်ပင်က သီးပါတယ်။ ဟုတ်ပြီ။ ဒါဆို သစ်သီးသည် အကျိုး သစ်ပင်သည် အကြောင်းခံ။

သည်နေရာမှာ ပြန်ခြုံကြည့်ရင် သစ်ပင် ဖြစ်ဖို့ နောက်သစ်ပင်တစ်ခုက အကြောင်းခံနေသည်။ သည်လို ဆက်ဆက်သွားလိုက်ရင် နောက်ဆုံး သံသရာတစ်ပတ်လည်ပြီး သည် သစ်ပင်ကပဲ သွယ်ဝိုက်သော အားဖြင့် သူ ပြန်ဖြစ်ဖို့ အကြောင်းခံနေသလိုဖြစ်နေပါမည်။ (သံသရာလည်ပြီး အဆုံးအစ ရှိတော့မည်မဟုတ်ပေ)။ ဒါဟာ သဘာဝကျကျ စဉ်းစားကြည့်ရင် မည်သို့မျှ မဖြစ်နိုင်ပါ။ ထိုအတိုင်းဆိုလျှင် ပထမဆုံး ကနဦး သစ်ပင် ဘယ်ကလာသနည်း။ အားလုံးရဲ့ အစဆိုသည်မှာ အဘယ်နည်း။ မမြဲသည့်အရာများသည် အစရှိရမည်။ အဆုံးရှိရမည်။ အရာတစ်ခုသည် အဆုံးအစ
မရှိ ဟု ဆိုလျှင် ထာဝရ တည်မြဲနေတော့မည်။ ဒါဆို အရာအားလုံး ထာဝရ အရာတွေ ဖြစ်ကုန်ပေလိမ့်မည်။

သည်မှာ သုံးသပ်ချက် ထွက်လာတာက ဖြစ်စဉ်တစ်ခုသည် စက်ဝိုင်းတစ်ခုကဲ့သို့ လည်နေခြင်းမဟုတ်လျှင် ထို ဖြစ်စဉ် အစပျိုးမှု ရှိကို ရှိရမည်။ ထို အစပျိုးမှုသည် ကျွန်ုပ်တို့ ပန်းတိုင် နောက်ကွယ်မှ စီမံသူ တစ်ဦးဦး တည်ရှိမှုပင်တည်း။

ထို့ပြင် အရာရာသည် အကြောင်းခံနှင့် အကျိုးက သဘာဝအရ ဖြစ်လာသည်ဆိုကြပါစို့။ ထိုအကြောင်းခံ နှင့် အကျိုးတို့ စနစ်တကျ ဖြစ်ဖို့အတွက် ရှောင်လွဲမရသည့် နောက်ကွယ်မှ ထိန်းချုပ်မှု တစ်ခု ရှိရပေမည်။

ဆိုကြပါစို့.........
လူ ဖအေနှင့် လူ မအေ တို့က လူ သားသမီး မွေးပါသည်။
(လူဖအေနှင့် လူမအေ ---------- အကြောင်းခံ --၁
လူသားသမီး----------------- အကျိုး--၁)

တဖန် ကျားထီး နှင့် ကျားမ တို့ကြောင့် ကျားသားပေါက်လေး ပေါက်လာသည်။
(ကျား ထီး နှင့် မ ---------------အကြောင်းခံ--၂
ကျားသားပေါက် -------------အကျိုး--၂)

သည်မှာ ပြောစရာရှိတာက အကြောင်းခံ ၁ မှ အကျိုး ၁ သာလျှင် ဖြစ်နေသည်။ အကြောင်းခံ ၁ မှ ကွက်ကျော်ကာ အကျိုး ၂ ဘယ်သောအခါမှ မဖြစ်ချေ။ ဒါကို လူတိုင်း နားလည်ပါသည်။ ဒါဆို ဘာကြောင့် အကြောင်းခံ ၁ က အကျိုး ၂ ကို ကွက်ကျော် မဖြစ်ရတာလဲ။

အခြေအနေ၊ မျိုးပွားမှု အနေအထား၊ ဗီဇ၊ ဒီအင်အေ အကြောင်းခံ တွေအများကြီး ထပ်ထွက်လာပါမည်။
မေးပါပြီ။ ဒါဆို အဲ အကြောင်းခံ ၁ အတွက် အခြေအနေ၊ မျိုးပွားမှု ၊ ဗီဇ၊ ဒီအင်အေတွေကကော သဘာဝအလျောက်ဆိုရင် အကြောင်းခံ ၂ မှာ ဘာလို့ မရှိရတာလဲ။ အကြောင်းခံ နှစ်ခုလုံး အသက်နဲ့ အသက်ရှင်နေကြတဲ့ သက်ရှိတွေပဲ။ ဘာဖြစ်လို့ တစ်ခုနဲ့ တစ်ခု မတူရတာလဲ။ သဘာဝအလျောက်ဆိုရင် ကနေ ဖြစ်မသွားနိုင်ဘူးလား။
အဲလိုမဖြစ်အောင် နောက်ထပ် အကြောင်းခံတွေ (ဗီဇ၊ ဒီအင်အေ စသည်) နဲ့ ထပ်ပြီး မှ သို့ဖြစ်စဉ်သာဖြစ်အောင် စနစ်တကျ နောက်ကွယ်မှ ထိန်းထားလို့လား....? ဒါတွေဟာ တွေးစရာတွေပါ။

အောက်ပါ သာဓကလေးဖြင့် စဉ်းစားကြည့်ကြပါစို့။

စကြာဝဠာလည်ပတ်သလို ကျွန်တော်တို့ magnatic field တစ်ခု လုပ်ကြည်ကြစို့။ ဖို၊မ ဓါတ် အချင်းချင်း ဆွဲငင် ၊တွန်းကန်ပြီး ကမ္ဘာက နေကို ပတ်သလို တစ်ခုနဲ့ တစ်ခု ဆွဲငင် တွန်းကန် လည်ပတ်မှု တစ်ခု ဖန်တီးကြပါစို့။

(မဖြစ်နိုင်ဘူး မပြောနဲ့နော်။ physis သဘောတရား ကျွမ်းကျင်သူ သံလိုက် ကိရိယာများဖြင့် လက်လှမ်းမီသူတိုင်း စနစ်တကျ စမ်းသပ်ကြည့်လျှင် ရပါသည်။ ဖို သံလိုက် အကွေး (၄)ခု၊ အမ သံလိုက် အဖြောင့် (၃) ခု၊ အဖို သံလိုက် အ၀ိုင်း (၁) ခုရှိလျှင် စမ်းသပ်ကြည့်နိုင်ပါသည်)။

ဒီလိုနဲ့ အလယ်က သံလိုက်အလုံးလေးဟာ ဘေးက သံလိုက်တွေရဲ့ အနေအထားပေါ်မူတည်ပြီး တစ်နေရာတည်း ငြိမ်နေခြင်း။ စက်ဝိုင်းပုံစံနီးနီး လည်နေခြင်းများ လုပ်ကြည့်လို့ရပါသည်။ အဲဒီ စက်ဝိုင်းကြီးလည်နေတဲ့အချိန်မှာ ရောက်လာပြီး ကြည့်နေတဲ့သူတစ်ယောက်ကို မေးကြည့်။ သည်လို ဘာကြောင့် လည်နေတာလဲ။ သူ ပြန်ဖြေလိမ့်မယ်-

သံလိုက်တုံးတွေကြောင့်လေ။

ဟိုဘက်ကို ဘာလို့ရွေလဲ- ဟိုကတွန်းလို့- ဟိုက ဘာလို့တွန်းလဲ-ဟိုကဆွဲလို့-ဟိုက ဘာလို့ဆွဲလဲ-ဟိုဘက်ရွေ့လို့

သည်လိုနဲ့ သူ့အဖြေက တ၀ဲလည်လည် လိုက်သွားမှာပဲ။ သူ့အဖြေသည် ဟုတ်ပါသည်။ တစ်ခုရွေ့ဖို့ တစ်ခုက အကြောင်းခံသည်။ သည်လိုနဲ့ အားလုံး အစရှာမရတော့ပဲ လည်သွားပါသည်။ သို့သော် စဉ်းစားစရာ တစ်ချက်က သည် သံလိုက်တုံးတွေက သူ့အလိုလိုနေရင်း နေရတကျ ရှိပြီး အလယ်က အ၀ိုင်းလေးကို တွန်းနေ၊ ဆွဲနေကြတာလား။ တစ်ယောက်ယောက်က စနစ်တကျ နေရာချထားလို့လား ဆိုတာပါပဲ။ လောက ရှိ ရုပ်ဝတ္ထုတိုင်းတွင် သူ့ ဟာနဲ့ သူ အစွမ်းလေးတွေ သတ်မှတ်ထားတဲ့အတိုင်း ရှိကြပါတယ်။(ဥပမာ လူဆိုလျှင် အခြား သက်ရှိများနှင့်မတူ အသိဥာဏ်ဆိုတာ ရှိပါတယ်) အဲဒါတွေဟာ နောက်တစ်ခု ပေါ်ပေါက်ဖို့ အကြောင်းခံဖြစ်သွားနိုင်ပါတယ်။ ဒါဆို သည် အစွမ်းလေးတွေ ဘယ်က ရလာသလဲ။ ကဲ သည် ဥပမာတွေကို နဲနဲ စဉ်းစားကြည့်ကြပါလို့ ပြောရင်း ....... အပိုင်း (၁) ကို သည်မှာ
ရပ်ပါမယ်...........
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty ကဏ္ဍ (၁)--- အပိုဒ် (၂၊ ၃၊ ၄)

Post  Dr ds Sat Jun 26, 2010 8:36 pm

-------------------------------------------(၃)--------------------------------------------------
၂) ထိုအရှင်သည် ပကတူး (ကနဦး) တည်ရှိတော်မူခြင်းကို သိခြင်း

ယခု ဒုတိယအခြေခံအရ အလ္လာဟ်အရှင်သည် အစမဲ့ ပကတူး ဖြစ်တော်မူကြောင်း သိရှိယုံကြည်ရန်ဖြစ်သည်။ ထိုအရှင်၏ တည်ရှိမှုတွင် အစ ပထမ ဟူ၍ မရှိပါ။ အမှန်စင်စစ် ထိုအရှင်သည် အရာအားလုံး၏ အစပထမဖြစ်တော်မူသည်။ သက်ရှိ၊ သက်မဲ့တို့ အလျင်ကတည်းက ရှိနေပြီးဖြစ်တော်မူသော အရှင် ဖြစ်သည်။

ထိုအတွက် အထောက်အထားမှာ -

အရာတစ်ခု (ဆိုပါစို့ A) သည် အသစ်ဖြစ်သောအရာဖြစ်ခဲ့လျှင် ပကတူး (ကနဦး) တည်ရှိမှု မဟုတ်တော့ပေ။ သို့ဖြစ်ရာ ထိုအရာ(A)ကို ဖြစ်ပေါ်စေသော အရာ(Aအတွက်အကြောင်းခံ-B ဆိုပါစို့) မရှိမဖြစ် လိုအပ်သည်။ တဖန် ထို ဖြစ်ပေါ်စေသော အရာ (B) ကလည်း သူ့ကို ဖြစ်ပေါ်စေသော အရာတစ်ခု(Bဖြစ်ရန်အကြောင်းခံ-C) မဖြစ်မနေ လိုအပ်ပြန်လေသည်။ ဆိုတော့- Aဖြစ်ဖို့ B လိုသည်။ B ဖြစ်ဖို့ C လိုသည်။ Cဖြစ်ဖို့ကော ထပ်ပြီး အကြောင်းခံတွေလိုဦးမှာပဲ။ သည်လိုနဲ့ သည် သံသရာက လည်နေမှာပဲ။ နိဂုံးမချုပ်နိုင်တော့ဘူး။

အဲတော့ နောက်ပုံစံတစ်ခု။

အားလုံးရဲ့ အစနဲ့ အဆုံးမှာ သူတို့ကို ဖြစ်စေ၊ အဆုံးသတ်စေသော တစ်စုံတစ်ရာဖြင့် ထိန်းချုပ်ထားခြင်း။ ဤသည်ပင် ကျွန်ုပ်တို့ ဦးတည်ရာဖြစ်သည့် လောကကို ဖန်တီးပြုလုပ်သော အရှင်၊ အသစ်စတင်ဖြစ်ပေါ်စေသော အရှင်၊ ပေါ်ပေါက်စေသောအရှင်၊ ဖန်ဆင်းတော်မူသောအရှင်၊ စတင် တည်တော်မူသော အရှင်ဖြစ်ပေတော့သည်။

---------------------------------------------------------------------------------------------

၃) ထိုအရှင် အမြဲထာဝရ တည်ရှိမည့်အကြောင်းကို သိခြင်း

အလ္လာဟ်အရှင်သည် အစမဲ့ အနန္တအရှင်ဖြစ်တော်မူသလို အဆုံးမဲ့ အနန္တအရှင်ဖြစ်တော်မူသည်ကို သိရှိယုံကြည်ရမည်။ သည်အချက်သည် အထက်ပါ (၂) ရှင်းလင်းချက်နှင့် အပြန်အလှန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရာတစ်ခုသည် ပကတူးကတည်းက ဖြစ်တည်ကြောင်း အတည်ပြုနိုင်လျှင် ထိုအရာသည် ပျောက်ကွယ်သောအရာ မဖြစ်နိုင်သောကြောင့်ပင်။

ဆန့်ကျင်ဘက်အားဖြင့် စဉ်းစားလျှင် အရာတစ်ခုသည် အကြောင်းခံ တစ်ခုကြောင် ပေါ်ပေါက်လာလျှင် အကြောင်းခံတစ်ခုနှင့်ပင် ပြန်လည်ချုပ်ငြိမ်းရမည်။ မိမိဘာသာ အလိုအလျောက် ပျောက်ကွယ်သည်ဆိုသည်မှာ လုံးဝ ယုတ္တိမရှိ။ မိမိ ဘာသာ ပျောက်ကွယ်နိုင်လျှင် အဘယ်အရေးကြောင့် မိမိဘာသာ မဖြစ်ပေါ်နိုင်ရသနည်း။ တခြားအကြောင်းခံ ကို မှီခိုရသနည်း။ ထို့ကြောင့် အသစ်ဖြစ်သော အရာသည် အကြောင်းခံဖြင့် သာ ဖြစ်ပေါ်ပြီး သတ်မှတ်အချိန်တစ်ခုအကြာ နေထိုင် လည်ပတ်ပြီးလျှင် အကြောင်းခံ ဖြင့်သာ ချုပ်ငြိမ်းရမည်။

သည်စာပိုဒ် ဆန့်ကျင်ဘက်တွေးလျှင် အစကနဦးတည်းက (အစမဲ့) တည်ရှိနေပြီးဖြစ်သော အရှင့်တွက် မည်သည့်အတွက်ကြောင့် အဆုံးရှိရမည်နည်း။ အရှင်သည် ထာဝရ(အစမဲ့၊ အဆုံးမဲ့) တည်ရှိတော်မူသော အရှင်ဖြစ်တော်မူသည်။

---------------------------------------------------------------------------------------------

၎) ထိုအရှင်သည် ရုပ်ဝတ္ထုမဟုတ်ကြောင်းကိုသိခြင်း

အလ္လာဟ်အရှင်သည် နေရာယူသော ရုပ်ခန္ဓာ မဟုတ်ကြောင်း သိရှိခံယူရမည်။ အမှန်မှာ အရှင်မြတ်သည် နေရာဌာနနှင့် ဆက်စပ်မှုမှ ကင်းရှင်းတော်မူပေသည်။

ရုပ်ဝတ္ထုအားလုံးသည် နေရာယူမှုရှိကြသည်။ ရုပ်ဝတ္ထု တစ်ခုသည် မိမိ နေရာနှင့် သီးသန့်ဖြစ်သည်။ မည်သည့် ရုပ်ဝတ္ထုမှ နေရာတစ်ခုခုတွင် ရပ်တည်နေခြင်း သို့မဟုတ် လှုပ်ရှားသွားလာနေခြင်းနှင့် မကင်းနိုင်ပေ။

သို့ဖြစ်ရာ ရပ်တည်ခြင်းနှင့် လှုပ်ရှားခြင်းသည် အသစ်ဖြစ်သော အရာနှစ်ခုဖြစ်သည်။

အသစ်ဖြစ်သော အရာနှင့် မကင်းသော အရာသည် အသစ်ဖြစ်သော အရာဖြစ်သည်။

အသစ်ဖြစ်သော အရာသည် မတည်မြဲ၊ တချိန်ချိန်မှာ ပျက်စီးမည့် အရာဖြစ်သည်။

အလ္လာဟ်အရှင်မြတ်ကို ထိုသို့ မတည်မြဲသည့် အသစ်ဖြစ်မှုမကင်းသည့် ရုပ်ဝတ္ထုတို့ရဲ့ လက္ခဏာ နေရာယူမှု ဖြင့် ပုံဖော်လျှင်ဖြစ်နိုင်ပါမည်လား။ လူသားတို့ ပိုင်ဆိုင်ထားသော သေးငယ်လှသည့် အသိဥာဏ်ဖြင့်ပင် ဆင်ခြင်နိုင်ပါသည်။
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty ကဏ္ဍ(၁) --- အပိုဒ် (၅၊ ၆၊ ၇)

Post  Dr ds Sat Jun 26, 2010 8:42 pm

--------------------------------------------(၄)------------------------------------------------

၅) ထိုအရှင်သည် ကိုယ်ခန္ဓာဖြင့် တည်ရှိခြင်းမဟုတ်သည်ကို သိခြင်း


အလ္လာဟ်အရှင်သည် ရုပ်ဝတ္ထု၏ အပေါင်းအစုဖြစ်သော ရုပ်ခန္ဓာမဟုတ်ကြောင်း သိရှိယုံကြည်ရမည်။

ခန္ဓာဆိုသည်မှာရုပ်ဝတ္ထုများ၏ ပေါင်းစုထားမှုကို ခေါ်ဆိုခြင်းဖြစ်သည်။ ရုပ်ဝတ္ထုဆိုသည်မှာ ပိုင်းစိတ်ခွဲခြားခြင်း ပေါင်းစပ်စုစည်းခြင်း၊ လှုပ်ရှားခြင်း၊ တည်ငြိမ်ခြင်း၊ အဆင်းသဏ္ဍာန်ရှိခြင်းများမှ ကင်းရန် မဖြစ်နိုင်ပေ။ ဤ သည်များသည် အသစ်ဖြစ်ခြင်း၏ လက္ခဏာများဖြစ်သည်။

ထိုကြောင့် အသစ်ဖြစ်ပေါ်မှု လက္ခှဏာများရှိသည့် မတည်မြဲသည့် ရုပ်ဝတ္ထုဖြင့် အလ္လာဟ်အရှင်မြတ်ကို ဘောင်ခတ် ဖော်ပြခြင်းသည် မည်သို့လျှင် ဖြစ်ပါအံ့နည်း။

--------------------------------------------------------------------------------------------

၆) ထိုအရှင်သည် အခြားအရာကို မီခိုရပ်တည်သည့် အရာမဟုတ်သည်ကို သိခြင်း

အလ္လာဟ်အရှင်သည် ရုပ်ဝတ္ထုကို မီခိုသော အရာမဟုတ်၊ နေရာဌာန တစ်ခုတွင် ကိန်းဝပ်ဝင်ရောက်သော အရာလည်း မဟုတ်ကြောင်း သိရှိယုံကြည်ရမည်။

အဘယ်ကြောင့် ဆိုသော် ရုပ်ဝတ္ထုသည် အသစ်ဖြစ်လာသော အရာဖြစ်သည်။ တနည်းအားဖြင့် ဖန်ဆင်းခံဖြစ်သည်။ ဖန်ဆင်းခံသည် ဖန်ဆင်းရှင် နောက်မှသာ ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံ ရုပ်ဝတ္ထုတစ်ခုခု၊ သို့မဟုတ် နေရာတစ်ခုခုတွင် မှီခို ကိန်းဝပ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ အရှင်သည် မြင့်မြတ် ကြီးကျယ်တော်မူပေသည်။ သေးနုတ် သည့် အရာ၊ နေရာဌာန လေးဖြင့် အရှင့်အား မည်သို့မျှ ဘောင်ခတ်၍ မရနိုင်ပါ။

---------------------------------------------------------------------------------------------

၇) အလ္လာဟ်အရှင်၏ ပကတိတော်သည် ဘက်များမှကင်းစင်တော်မူကြောင်း

အလ္လာဟ်အရှင်၏ ပကတိတော်သည် 'ဘက်' များဖြင့် ဖော်ပြရသည့် အဖြစ်မှ ကင်းစင်ကြောင်း သိရှိယုံကြည်ရမည်။

ဘက်- ဆိုသည်မှာ အထက်၊ အောက်၊ ညာ၊ ဘယ်၊ ရှေ့၊ နောက်၊ တောင်၊ မြောက် ဟူ၍ သတ်မှတ်ချက်များပင်တည်း။ ဤ ဘက်-များကို သတ်မှတ်မှုသည် လူသား၊ ကမ္ဘာမြေ ဖန်ဆင်းထားမှုကို ဗဟိုပြုသည်။

ဥပမာ- လူသား ဦးခေါင်း အထက်ကို အပေါ်၊ ခြေထောက်အောက်ကို အောက်ဖက်၊ ညာဖက်၊ ဘယ်ဖက် စသည်၊ ကမ္ဘာ တည်ရှိမှုအရ တောင်မြောက် ထိုနောက်တွင်မှ အရှေ့၊ အနောက် ဖြစ်တည် သတ်မှတ်လာရသည်။

ထိုအခါ မေးစရာရှိလာတာက သည် လူသားတွေ ကမ္ဘာတွေ မဖန်ဆင်းခင်၊ မဖြစ်ပေါ်ခင်မှာ သည် အရှေ့၊ အနောက် တောင်မြောက်၊ ဦးခေါင်းအထက် အပေါ်၊ ခြေထောက်အောက်-အောက်ဖက် စသည့် သတ်မှတ်မှုများ ရှိနေပါ့မလား။

ပကတူး အရှင်ကို ထိုသို့ မရှိသေးသော အပေါ် အောက် နေရာများဖြင့် မည်သို့ ဘောင်ခတ် ဖော်ပြမည်နည်း။ အမှန်တကယ်တွင် အရှင်သည် "ဘက်" တခုခုဖြင့် သီးသန့် ဘောင်ခတ် ဖော်ပြခြင်းငှာ မစွမ်းသာအောင် မြင့်မြတ်လှပေသည်။
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty ဖန်ဆင်းရှင်နှင့် ပတ်သက်၍ တွေးကြည့်စရာ (ကြားဖြတ်ဖော်ပြမှု)

Post  Dr ds Sat Jun 26, 2010 8:46 pm

အရှင့် ဂုဏ်တော်များနှင့် ပတ်သက်ပြီး ကျွန်တော်တို့ လူသား အသိဥာဏ်ဖြင့် တွေးတော မရနိုင်သော အချက်များ များစွာ ရှိနေပါသေးသည်။
လက်ရှိ သိရှိနေရသော ဂုဏ်တော်များသည် ကျွန်တော်တို့တွင် ရှိသော အရှင်ပေးသနားထားသည့် အကြောင်းခံလေးများ (ဥပမာ- အသိဥာဏ်ပညာ၊ စဉ်းစားမှု၊ ကြင်နာမှု၊ သနားမှု၊ စသည်တို့) ကို အကြောင်းခံကာ အရှင် ဂုဏ်တော်များကို နှိုင်းယှဉ် တွေးတော ယူရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ အသိဥာဏ်ဖြင့် စဉ်းစားမရအောင် အရှင့် ဂုဏ်တော်များသည် ကြီးကျယ်မြတ်ထွတ်လှပေသည်။ အောက်ပါစာကြောင်းအား ဖတ်ရှုလေ့လာကြည့်ပါ။

""" အရှင်သည် လောက၏ အထက် တွင် ရှိနေသည်ဟုဆိုလျှင် ထိုအရှင့်အတွက် တည်နေရာဟူ၍ ရှိရတော့မည်။ တည်နေရာရှိသော အရာအားလုံးသည် ရုပ်ခန္ဓာဖြစ်သည်။ တည်နေရာသည် ရုပ်ခန္ဓာနှင့် တစ်တန်းတည်းဖြစ်ချင်ဖြစ်မည်။ ထို့ထက်ပို့၍ ငယ်ချင်ငယ်မည်။ သို့မဟုတ် ပို၍ ကြီးချင်ကြီးမည်။ ဤ အခြေအနေသုံးခုတွင် အလ္လာဟ်ရှင့်ကို ပိုင်းခြား ကန့်သတ် ထားပြီး မည်သို့မျှ ဖော်ပြ၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် အရှင်သည် အရာအားလုံးကို သိတော်မြင်တော်မူသည်။ နေရာတိုင်းတွင်တည်နေနိုင်တော်မူသည်။ ထို့ကြောင့် အာယသတ်တော်တစ်ခုတွင်

((((အသင်တို့ မည်သည့် နေရာတွင် ရှိသည်ဖြစ်စေ၊ အရှင်သည် အသင်တို့ နှင့်အတူရှိနေတော်မူသည်))))))))"""

သည် အာယသ်တော်ကို သုံးသပ်ကြည့်ပါ။ အထက်ပါ ရှင်းပြမှု မပါပဲ အလွတ်သဘော ဖတ်ကြည့်လျှင် (သာမန်စဉ်းစားဥာဏ်ရှင်များအတွက်) မည်သို့မျှ စဉ်းစားပြီးအဖြေထွက်မည်မဟုတ်ပေ။ ဘယ်နေရာရောက်ရောက် အလ္လာဟ်အရှင်က ရှိနေတော်မူသည်။ သာမာန် ကျွန်တော်တို့တွင် ရှိသည့်အရည်အချင်းဖြင့် မည်သို့ စဉ်းစားမည်နည်း။

အဖြေထွက် လက်ခံနိုင်ရန် နှစ်လမ်းရှိသည်။

၁၊ စဉ်းစားဥာဏ် ရင့်သန်ပြီး သာသနာ့အသိ ပြည့်ဝသော တွေးခေါ်နိုင်သော သူတော်စင်များ တွေးခေါ် လက်ခံနိုင်သည်။
၂။ သာမာန်စဉ်းစားဥာဏ်သာရှိသော်လည်း နားလည်သူက စေ့စေ့စပ်စပ် ဖြေရှင်းပြမှုကြောင့် သံသယများ
ကင်းစင်သွားကာ လက်ခံနိုင်သည်။

ဒုတိယ လူစားအတွက် သူ (ဖြေရှင်းချက် အကျယ်ဖွင့် မသိခင်) စဉ်းစား မရခင်အထိ ထို အာယသ်သည် သူ့အတွက် ဥာဏ်မမီသော အချက်သာဖြစ်နေမည်။

ထို့ဖြစ်ရပ်ကို ကြည့်ပါက ကျွန်တော်တို့ လူသားတွင် ရှိသော အသိဥာဏ်၊ ဆင်ခြင်မှုသည် အတိုင်းအတာရှိသည်။

ထို့ကြောင့် အရှင့် ဂုဏ်တော်များတွင် ကျွန်တောတို့ စဉ်းစားတွေးခေါ်မရနိုင်သော ဂုဏ်တော်များ မရေမတွက်နိုင်အောင် ရှိပေသေးသည်။

တမာန်တော်မြတ်ကြီး (ဆွလလ္လာဟို့ အလိုင်းဟေ့ဝစလ္လာမ်) ၏ ဖော်ထုတ် မြွက်ဟမှုများကြောင့်သာ ကျွန်တော်တို့သိသင့်သည်များကို သိရခြင်းပင်တည်း။ လူသားများအားလုံးထဲတွင် ဥာဏ်ပညာ အမြင့်မားဆုံး ကိုယ်တော်မြတ် ငြိမ်းချမ်းတော်မူပါစေ............
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty Re: ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ

Post  အဂျဲ Sat Jun 26, 2010 8:49 pm

အစ္စလာမ်ဘာသာနဲ့ ပက်သက်ပြီး သိသင့်သိထိုက်တာများကို မျှဝေတင်ဆက်ပေးတဲ့ အတွက် မြန်မာဖိုင်းဒ်တော့ခ်နက် ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ....။ အချိန်-လူ-စိတ် အားလုံးကို နှစ်မြှပ်ပြီး ရေးသားတင်ပြပေးမှုအတွက် လေးစားပါကြောင်း ထပ်လောင်း ပြောကြားပါရစေ...။

သာသနာပြန့်ပွားတည်တံ့ရေးအတွက် ဒီထက်မက ဆထက်တံပိုး တိုးပြီး သယ်ပိုးနိုင်ပါစေ...ဟု ဆန္ဒပြုလျှက်၊


အဂျဲ
မြန်မာဖိုင်းဒ်တော့ခ်နက်

အဂျဲ
အဂျဲ
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 14
Join date : 2010-05-25
Location : ကောင်းကင်အောက်

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty Re: ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ

Post  Dr ds Tue Jul 06, 2010 12:28 am

--------------------------------------------(၅)--------------------------------------------

၈။ အလ္လာဟ်အရှင်သည် အရရှ်တော် ၌ စံ နေတော်မူခြင်းအကြောင်း


အလ္လာဟ်အရှင်သည် အရရှ်တော်ပေါ်တွင် စံ နေတော်မူသည် ဟု အရှင် ကိုယ်တော်တိုင် မိန့်ကြားထားသည်။ ထိုသို့ မိန့်ကြားရာတွင် အလ္လာဟ်အရှင်မြတ်က အာရဗီစကားလုံး (အီစ်တိဝါအ်) ကို သုံးနှုံးထားသည်။ ထို စကားလုံး အနက်သဘောမှာ အရရှ်တော်နှင့် ထိတွေ့တော်မူခြင်း၊ အရရှ်တော်ပေါ်တွင် တည်နေတော်မူခြင်း၊ နေရာယူတော်မူခြင်း၊ အရရှ်တော်ပေါ်သို့ သက်ဆင်းခြင်း၊ အခြားတစ်နေရာမှ အရရှ်တော်ပေါ်သို့ ရွှေ့လာတော်မူခြင်း စသည့် အဓိပ္ပါယ်များမှ ကင်းရှင်းသော(ကင်းရှင်းသော) အနက်သဘောကို ဆောင်ပေသည်။ အလ္လာဟ်အရှင်သည် အပြောင်းအလဲဖြစ်ခြင်း၊ ရွေ့ပြောင်းခြင်း များမှ ကင်းစင်တော်မူသည်။



အကယ်၍ အရှင်သည် အရရှ်တော်ပေါ်တွင် တည်ရှိနေသည်ဟု ဆိုလိုက်ပါက အရှင်မြတ်သည် နေရာယူသည့် ရုပ်ခန္ဓာ ဖြစ်သွားပေတော့မည်။ ထို ရုပ်ခန္ဓာသည် အရရှ်တော်နှင့် ဆက်တွဲ နှိုင်းယှဉ် ရပေတော့မည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်သည် အရရှ်တော်ထက် ကြီးသည် သို့မဟုတ် တရွယ်ထဲဖြစ်မည် စသည်ဖြင့် တိုင်းထွာရပေတော့မည်။ အလ္လာဟ်အရှင်မြတ်တွင် ရုပ်ခန္ဓာ၊ ကြီးခြင်း၊ သေးခြင်း စသော ဖန်ဆင်းခံ ရုပ်ဝတ္ထု လက္ခဏာများ ကင်းရှင်ကြောင်း အထက်တွင် အသေးစိတ် ရေးသားပြီးဖြစ်၍ ထိုအရာများကို ချင့်ချိန်ပြီး အရှင်မြတ်သည် အရရှ်တော်တွင် စံမြန်းနေသည်။ သို့သော် လူသားများ ရုပ်ဝတ္ထုများကဲ့သို့မဟုတ်ဟူ၍သာ ကျွန်ုပ်တို့၏ သေးငယ်သော အသိဥာဏ်ဖြင့် သုံးသပ်နိုင်ပါသည်။

အရှင့် ဂုဏ်တော်များကို ကျွန်တော်တို့ လက်ရှိပိုင်ဆိုင်ထားသော ဥာဏ်ထက် ပိုမို စဉ်းစား သုံးသပ်ပါက မမှီတဲ့ ပန်း တုံးခုလှမ်းသလိုသာ ဖြစ်တော့မည်။ အရှင့် ဂုဏ်တော်များတွင် လူသားများ စဉ်းစားတွေးခေါ်ခြင်းငှာ မစွမ်းသာအောင် များပြား ကြီးကျယ်လှပေတော့သည်။



-----------------------------------------------------------------------------------------

၉။ အလ္လာဟ်အရှင်အား အာခေရသ်တွင် မြင်တွေ့ ဖူးမြင်ရမည်ဖြစ်ကြောင်း



အလ္လာဟ်အရှင်သည် ရုပ်ဆင်းသဏ္ဍာန်နှင့် အတိုင်းအတာပမာဏရှိခြင်းမှ ကင်းစင်တော်မူပြီး အရပ်မျက်နှာ နှင့် 'ဘက်' ဆိုသည့် ကန့်သတ်ချက်များ မပါပဲ အာခေရသ်တွင် ဖူးမြင်ရပေမည်။

မြင်ခြင်းသည် တွေ့ခြင်း၊ သိခြင်း၏ အမျိုးအစား တစ်ခုသာဖြစ်သည်။ ဥပမာ - ကျွန်တော် မောင်ဖြူကို မြင်လိုက်သည်။ ထိုသို့မြင်ပြီးသည်နှင့် ထိုလူသည် မောင်ဖြူဖြစ်သည်ဟု ကျွန်တော် သိသည်။ ဒါကို ကြည့်ရင် မြင်ခြင်းနှင့် သိခြင်း ဆက်စပ်လျက်ရှိသည်ကို တွေ့ရမည်။ ကျွန်တော်တို့သည် ဖန်ဆင်းရှင် အရှင်မြတ်အား နှလုံးသားဖြင့် ခံစား သိရှိနေပြီးဖြစ်ပေသည်။ ထိုအသိခိုင်မြဲသထက် ခိုင်မြဲအောင် ဖန်ဆင်းရှင် အရှင်မြတ်၏ အမိန့်ပညတ်ချက်များကိုလဲ တိုး၍တိုး၍ လိုက်နာရန် ကြိုးစားနေကြပေပြီ။

ဆိုချင်တာက ကျွန်တော်တို့ ရင်ထဲ နှလုံးသား မျက်စိ အမြင် (နှလုံးသားမျက်စိ အမြင်) ထဲမှာ အလ္လာဟ်အရှင်မြတ်က ရောက်နေပါပြီ။ ၀င်နေပါပြီ။ ထိုသို့သော အခြေအနေရောက်နေသော ကျွန်တော်တို့အတွက် အာခေရသ် (ယခု ရုပ်ဝတ္ထု ကမ္ဘာ လောက နှင့် ခြားနားသော အာခေရသ်) တွင် ဖန်ဆင်းရှင်ကို ပုံပန်းသဏ္ဍာန်တစ်မျိုးမျိုးဖြင့်မဟုတ်ပဲ၊ ဘက်များဖြင့် သတ်မှတ်ချက်များကင်းသော ကျွန်တော်တို့ နှလုံးသားထဲမှ မျက်စိဖြင့် သိမြင်ပြီးသော အရှင်မြတ်အား ဖူးမြော်ရမည်ဆိုသည်မှာ စဉ်းစားတွေးတောကြည့်လျှင် ရပေသည်။

ကျွန်တော်တို့ အီမာန့်ရှင်များအတွက်မူ ယခု လောကတွင် အရှင့်ကို နှလုံးသားထဲမှ ခံစားသိရှိပါသည်။ နှလုံးသားမျက်စိဖြင့် ဖူးမြင်ပါသည်။ အာခေရသ်တွင်လည်း ထိုထက်ပိုပြီး အရှင့်အား နှလုံးသား အမြင် မဟုတ်သော အခြား အမြင် (ဥပမာ မျက်စိ) ဖြင့် ဖူးမြင်ရမည်ဆိုသည်မှာ ငြင်းချက်ထုတ်ရန် မရှိပါ။..........

---------------------------------------------------------------------------------------------

၁၀။ အလ္လာဟ်အရှင်နှင့် တုဖက်ပြိုင်သူ၊ တွဲဖက်သူ မရှိကြောင်း ယုံကြည်ခြင်း



အလ္လာဟ်အရှင်သည် တစ်ပါးတည်း တည်ရှိတော်မူသည်ကို အထက်တွင် ဖော်ပြပြီးဖြစ်သည်။ ယခုဆက်ပြီး အရှင်မြတ်နှင့် တွဲဖက်သူ တုဖက်ပြိုင်နှိုင်သူ မရှိကြောင်း ဖော်ပြရန်ဖြစ်ပေသည်။

အသစ်တီထွင်ခြင်းနှင့် ဖန်တီးဖြစ်ပေါ်စေခြင်းတွင် အလ္လာဟ်အရှင်တစ်ပါးတည်းက ပြုလုပ်ခြင်းသာဖြစ်သည်။ ထိုအရှင်နှင့် တန်းတူရည်တူ ဂုဏ်ရည်တူ ဟူ၍ လုံးဝမရှိပေ။


။။။။။။။။မိုးနှင့် မြေတွင် အလ္လာဟ်အရှင်၏ အပြင် ကိုးကွယ်ရာ အရှင်များ ရှိခဲ့မည်ဆိုလျှင် ထိုမိုးနှင့် မြေသည် မုချ ပျက်စီးပြီးဖြစ်အံ့။။။။။။။။ (စူရာအန်ဘိယာ၊၂၂)

ဤအာယသတ်တော်ကို ဆင်ခြင်ကြည့်ပါ။

ဆိုပါစို့။ ကိုးကွယ်ရာ အရှင်နှစ်ပါး ရှိမည် ဆိုလျှင် အရှင် တစ်ပါးက ကိစ္စရပ်တစ်ခုကို ဆန္ဒရှိသည့်အခါ နောက်တစ်ပါးက ထို ဆန္ဒကို လိုက်လျောရတော့မည်။
ထိုသို့ လိုက်လျော အလျှော့ပေးလိုက်သည်နှင့် အခြားအရှင်တစ်ပါး၏ လွှမ်းမိုးခြင်းခံရသူ၊ မစွမ်းသူ ဖြစ်သွားပေမည်။
ထိုသို့ မလိုက်လျောပဲ အတိုက်အခံပြု စိုးမိုးပြန်လျှင်လည်း အခြား အရှင်သည် မစွမ်းသာသူ အားနည်းသူဖြစ်သွားပေမည်။


ဆိုကြပါစို့ နှစ်ပါးလုံးကပဲ အစွမ်းတွေ တူနေဦးတော့ အရှင်တစ်ပါး ဆန္ဒ နှင့် နောက်တစ်ပါး ဆန္ဒ မတူလျှင် တစ်ဦးစီ အစွမ်းပြိုင်ခြင်းဖြင့် ကမ္ဘာ့ စည်းချက်ညီ ဖြစ်စဉ်များ ပျက်စီးသွားမည်။ မိုးနှင့် မြေလည်း မုချ ပျက်စီးသွားပေမည်။
ထိုအချက်ကို ကုရ်အာန်က အထက်ပါ အာယသ်ဖြင့် ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှားကြီးကို သတိပေးနေလေသည်။

ဤတွင် ကလေမာဟ်တော်၏ ပထမ မဏ္ဍိုင် (၁) အလ္လာဟ်အရှင့် ပြကတေ့တော်နှင့် တစ်ပါးတည်း တည်ရှိတော်မူခြင်းအကြောင်း ပြီးဆုံးပါပြီ။
ဆက်လက်ပြီး ဒုတိယမဏ္ဍိုင် (၂) အလ္လာဟ်အရှင့် ဂုဏ်တော်များအကြောင်းကို ဆက်လက် ဖော်ပြပါဦးမည်

ညီနောင်များသို့ အထူးပန်ကြားချက်-
ကျွန်တော်သည် အဲဟ်ရာအွလ်အိုလူမ်းကျမ်း မြန်မာပြန်မှ ပြန်လည် ထုတ်နုတ်ရာတွင် အလုံးစုံ ကူးယူခြင်း မဟုတ်ပဲ လိုရင်းစာသားများနှင့် ဥပမာများကို ကူးယူကာ မိမိ သုံးသပ်ချက်အချို့နှင့် ပူးပေါင်းရေးသားပြီး (မိမိမှတ်စုထုတ်ထားသော စာတစ်ခုအဖြစ်) ညီနောင် စာဖတ်သူများအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ထိုသို့ ရေးသားရာတွင် ကျွန်တော်တစ်ဦးတည်း ဖတ်ရာတွင် ပြသနာ မရှိနိုင်သော်လည်း အများအား တင်ပြမှုတွင် အနည်းငယ် ချွတ်ခြော် တိန်းပါးမှု ဖြစ်ခဲ့ပါက လူတစ်ဦးစီ၏ အီမာန် ယုံကြည်မှုများနှင့် သက်ဆိုင် ထိရောက်နေပါသောကြောင့် ရေးသားချက်များတွင် ကျမ်းစာ မြန်မာပြန်မှ အဓိပ္ပါယ်ကို တိမ်းချော်စေသော ရေးသားချက်များ မပါအောင်၊ မိမိ လိုရာဆွဲခြင်းများ မပါအောင်၊ အရေးကြီးသော အာယသ်တော်များ ရေးသားရာတွင် စကားလုံးလွဲချော်မှု မရှိအောင် အထူး ဂရုပြုရေးသားနေပါသည်။ ထိုသို့ ရေးသားရခြင်း၊ ယခု ဖိုရမ်တွင် မွတ်စလင်ညီနောင်များ မရောက်ရှိသေးသဖြင့် အချိန်ယူ ရေးရန် အချိန်ရခြင်း၊ ကျွန်တော်၏ တခြား ကိစ္စများရှိနေခြင်းတို့ ကြောင့် အချိန် နှောင့်နှေးနေခြင်းများအား သည်းခံပေးပါရန်။ (အင်ရှာအလ္လာဟ်) သည် discussion ကို ကဏ္ဍ (၄) တမာန်တော်မြတ်သည် အရှင့်တမာန်တော်ဖြစ်ခြင်း ကဏ္ဍအထိ အဆုံးတိုင် အပိုင်း (၁၀-၂၀ ခန့်) သာမာန်စာဖတ်သူများ နားလည်နိုင်သော စကားပြေဖြင့် ရေးသားရန် ကြိုးစားနေပါသည်။
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ Empty Re: ကျွန်တော် စွဲထုတ်မိသော အစ္စလာမ့်အပိုင်းအစလေးများ

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum