မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း

Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း

Post  mkn Mon May 31, 2010 8:10 pm

"ပညာရေး ဟူသည် အဘယ်နည်း။ ယင်းပညာရေးသည် ဘ၀အတွက် မည်သို့ အကျိုးပြုမည်နည်း။"

ဒဿလွန်... ဒဿပညာရှင်ဟု သမုတ်ခံရသော ဒဿနပညာရှင်တစ်မျိုး ဖြစ်သည့် ဂျေဒု ကရိရှနာ မူရတီ (၁၈၉၅-၁၉၈၆)"ပညာရေး.." အပေါ် ဖွင့်ဆိုချက် သဘောထားအမြင်များနှင့် ဘ၀အတွက် ဆက်စပ်ယူဆ အသုံးချ အမြင်များကို တစ်စေ့တစ်စောင်း လေ့လာ ဆန်းစစ် ဝေဖန်နိုင်ကြစေရန် မိတ်ဆက်တင်ပြပေးပါမည်။

ယခုထုတ်နုတ်တင်ပြပေးမည့် စာများသည် အထက်တန်းကျောင်းသားလူငယ်လူရွယ်များအတွက် အလေးထားရည်စူးသော ဟောပြောချက်များမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။ စာအုပ်တစ်အုပ်လုံးသည် ပညာရေးနှင့် ပညာရေးနှင့် ဆက်စပ်ရာများကို ဟောပြောထားခြင်းဖြစ်သည်။

သို့နှင့်တိုင် ပညာရေး အတွက်သက်သက် ဟောပြောချက်သည်ပင် စာမျက်နှာ ၉ မျက်နှာခန့် ရှိပြီး၊ အနည်းငယ် ပျင်းရိဖွယ် ရှိပါသည်။ ထို့ကြောင့် မူရင်းစာစု အတိုင်း ပြန်လည် တင်ပြပေးပါက ကျွန်တော့် အတွက် ရေးသားချက်များ အဆမတန် တိုးပွားသွားနိုင်၏။ သို့သော် ရေးရမှာလည်း မသက်သာ။ ထို့ကြောင့်ပင် ကောင်းနိုးရာရာများကို ထုတ်နုတ် မိတ်ဆက်ပေးလိုက်ပါသည်။

အကယ်၍ ဤစာစုများကို အပျင်းပြေ ဖတ်ရှုရင်း အသိတစ်စုံတစ်ရာအသိတစ်စုံတစ်ရာ ရလိုက်သည် သို့မဟုတ် ဆက်စပ်စဉ်းစားတွေးတောစရာ ရသည် သို့မဟုတ် အသိတစ်စုံတစ်ရာ ရှိသည် ဆိုငြားအံ့။ မူရင်း ဟောပြောသူ ကရိရှနာ မူရတီ နှင့် ဘာသာပြန်ဆိုသူ စာရေးဆရာ မောင်သာမည တို့ကို ကျေးဇူးတင်ကြရပါမည်။

ထိုသို့မဟုတ်ဘဲ၊ ချို့ယွင်းချက် အားနည်းချက်များ ရှိလျှင်မူ၊ မှီငြမ်း ထုတ်နုတ် မိတ်ဆက်ပေးသူ ကျွန်တော်၏ အားနည်းချက်နှင့် တာဝန်မကျေမှုသာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုပါစေ... ပညာရေးကဏ္ဍတွင် စာဖတ်ပရိတ်သတ်များအား ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် ဤစာစုများ မိတ်ဆက်တင်ပြမျှဝေပေးနိုင်မှုအတွက် ကျေနပ် ၀မ်းမြောက်ရပါသည်။

mkn
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty ဘာကြောင့်များ .....

Post  mkn Mon May 31, 2010 8:12 pm

ဘာကြောင့်များ ပညာတတ်မြောက်အောင် ကြိုးပမ်းအားထုတ်နေကြတာလဲ.......


-ဘာကြောင့် ကျွန်တော်တို့ စာသင်ကျောင်းဆီကို သွားနေကြတာလဲ။ ဘာကြောင့် ပညာရပ်အမျိုးမျိုး၊ ဘာသာရပ်အမျိုးမျိုးကို လေ့လာသင်ယူနေကြတာလဲ။ ဘာကြောင့် စာမေးပွဲတွေ ဖြေနေကြတာလဲ။ ပညာရေး ဆိုတာ ဘာကိုဆိုလိုတာလဲ။ ပညာရေးရဲ့ အလုပ်ဟာ ဘ၀ဖြစ်စဉ်ကြီးတစ်ခုလုံးကို နားလည်သဘောပေါက်အောင် အားပေးကူညီဖို့လား။

ဒါမှမဟုတ် အလုပ်အကိုင် ကောင်းကောင်းရအောင် ပြင်ဆင်ပေးရုံလောက်လား။ ပညာရေးဟာ လက်ရှိ လူနေမှုစနစ်နဲ့ လိုက်လျောညီထွေ အဆင်ပြေအောင် ကူညီပေးရေးပဲ ဖြစ်သလား။ ဒါမှမဟုတ် လက်ရှိနဲ့ မတူ တစ်မူထူးခြားတဲ့ လူ့အဖွဲ့အစည်းတစ်ခု၊ ကမ္ဘာသစ်ကြီးတစ်ခုကို ပြုစုဖန်တီးနိုင်မယ့် လွတ်လပ်မှုမျိုးကို ပေးရေးလား။

ဤမေးခွန်းလေးများသည် ကျောင်းသားလူငယ်တွေ၊ မိဘတွေ၊ ဆရာသမားတွေအတွက်လောက်သာ အရေးကြီးသည် မဟုတ်။ ဤကမ္ဘာမြေကြီးကို ချစ်ခင် မြတ်နိုးကြသူတိုင်းအတွက် အရေးကြီးသည့် မေးခွန်းများ ဖြစ်ပါသည် ဟု ဆိုပါသည်။

အလုပ်တစ်ခုခုလုပ်ပြီး အသက်မွေးဝမ်းကျောင်းရတယ် ဆိုတာဟာ မရှိမဖြစ်လိုအပ်တဲ့ အရာ လို့ လက်ခံပါသည်။ သို့သော် ထိုမျှလောက်နှင့် မပြီးဆုံးသေးပါ။ ဘ၀ဆိုတာ အလုပ်တစ်ခုလောက်တော့ မကဘူး.. ဟု ဆိုပါသည်။

ထို့ပြင်၊ ဘ၀ဖြစ်စဉ်ကြီးတစ်ခုလုံးကို နားလည်သဘောပေါက်အောင် ငယ်ရွယ်စဉ်ကတည်းက လူငယ်တွေ အသင့်ပြင်ဆင်ထားရပါမည်။ ထိုကဲ့သို့ အသင့်ပြင်ဆင်နိုင်ရေးအတွက် အဓိက ခုတ်မောင်းပေးနိုင်မည့် အရာမှာ 'ပညာရေး' ဟူသော အရာသာလျှင် ဖြစ်သည်ဟု... ပညာရေး ကို ဘ၀နှင့် ဆက်စပ်ယူဆပြီး အသုံးချ အမြင်တစ်ခုကို ထုတ်ဖော်ပေးပါသည်။

သို့ဆိုလျှင် ပညာရေးက ဘ၀ဖြစ်စဉ်ကို နားလည်သဘောပေါက်အောင် ဘယ်လို ခုတ်မောင်းပေးမလဲ။ ဒါနဲ့၊ ဘ၀ ဆိုတာကလည်း ဘယ်လိုလဲ.. ဆိုတာကို အနည်းငယ် တီးမိခေါက်မိရန်.. ကရိရှနာ မူရတီ၏ ဘ၀ ဖွင့်ဆိုချက် ကို ကြားဖြတ်လျက် တင်ကြို မိတ်ဆက်ပေးရပါလိမ့်မည်။


Last edited by mkn on Mon May 31, 2010 8:26 pm; edited 2 times in total
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty ပညာရေး VS ဘ၀ဖြစ်စဉ်ကို နားလည်သဘောပေါက်ခြင်း

Post  mkn Mon May 31, 2010 8:14 pm

ပညာရေး VS ဘ၀ဖြစ်စဉ်ကို နားလည်သဘောပေါက်ခြင်း

ဆိုခဲ့ပြီးသည့်အတိုင်း၊ ဘ၀ဆိုတာ အလုပ်တစ်ခုလောက်တော့ မကဘူး.. တဲ့။

"ဘ၀ ဆိုတာ အလွန်တရာကျယ်ဝန်း နက်ရှိုင်းတဲ့ အရာ ဖြစ်ပါတယ်။ ဧရာမလျှို့ဝှက်ဆန်းကြယ်မှုကြီးတစ်ခု ဖြစ်တယ်။ အပြောကျယ်ဝန်းလှတဲ့ နယ်ပယ်ကြီး တစ်ခု ဖြစ်တယ်။ သည်နယ်ပယ်ကြီးထဲမှာ ကျွန်တော်တို့ဟာ လူသားတွေအဖြစ်နဲ့ ပါဝင်လှုပ်ရှားနေကြတယ်။

တစ်ကယ်လို့သာ ကျွန်တော်တို့ဟာ ထမင်းစားအလုပ်လောက် အသက်မွေးအလုပ်လောက် ရရှိဖို့အတွက်ပဲ ပြင်ဆင်ထားကြမယ်ဆိုရင်တော့ သွားပြီ။ ဘ၀ရဲ့ အနှစ်သာရကြီးတစ်ခုလုံးကို လက်လွတ်ဆုံးရှုံး ရတော့မယ်။ ဒါကြောင့် ဘ၀ကို နားလည်သဘောပေါက်ရေးဟာ စာမေးပွဲအောင်ဖို့၊ ဂဏန်းသင်္ချာပညာတွေ၊ ရူပဗေဒပညာတွေ စတာတွေကို ကျွမ်းကျင်တတ်မြောက်ဖို့ထက် အများကြီး ပိုအရေးကြီးပါတယ်။"


သဘာဝကြီးတစ်ခုလုံးနဲ့ နယ်နိမိတ်စည်းမျဉ်းမရှိ ထိစပ်နေသမျှအားလုံးဟာ ဘ၀ဖြစ်ပါတယ်။ ဆင်းရဲ-ချမ်းသာတွေ၊ အုပ်စုတွေကြာါ်၊ လူမျိုးတွေကြား၊ နိုင်ငံတွေကြား အဆက်မပြတ်ဖြစ်ပွားနေတဲ့ ရန်ပွဲတွေ၊ ကမ္မဌာန်းဘာဝနာ ပွားများနေတာတွေ၊ ဘာသာရေးတွေ၊ မနာလိုဝန်တိုမှုတွေ၊ တောင့်တရည်မှန်းချက်တွေ၊ အလိုရမ္မက်တွေ၊ ကြောက်ရွံ့မှုတွေ၊ ကျေနပ်အားရမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ အစရှိတဲ့ လူရဲ့စိတ်အတွင်းက ပုန်းအောင်းနေတဲ့ အရာမှန်သမျှ ဘ၀ ဖြစ်ပါတယ်။ ထို့ပြင် ဘ၀ ဆိုတာ အဲ့သည့်အရာတွေအားလုံးအပြင် အများကြီးပါပဲ.... ဟု ဆိုပါသည်။

ဒါပေမယ့်၊ ကျွန်တော်တို့ကတော့ ဘ၀ရဲ့ ကျဉ်းမြောင်းလှတဲ့ တစ်ထောင့်တစ်နားအတွက်လောက်ကို နားလည်ရုံလောက်အတွက်ပဲ များသောအားဖြင့် ပြင်ဆင်နေကြပါတယ်။

စာမေးပွဲအောင်အောင် ဖြေ၊ အလုပ်အကိုင်ကောင်းကောင်းရှာ၊ အိမ်ထောင်ပြု၊ ကလေးမွေး... စသည်ဖြင့် တဖြည်းဖြည်း စက်ယန္တရားတွေလို ဖြစ်လာကြရသည်။ ဘ၀ က အသေလို ဖြစ်သွားသည်။ ကြိုတင်ရေးဆွဲပြီး၊ အဆင်သင့် ဘ၀ ဆိုတာမျိုး မဖြစ်သေပေမင့်၊ ကြိုတင်ပုံစံချထားပြီး ပုံစံခွက်ထဲက ဘ၀ အသေဆန်သွားနိုင်သည်။ ထို့ပြင် ဘ၀ကိုလည်း ကြောက်လန့်နေကြတုန်း၊ စိုးရိမ်ကြောင့်ကြနေကြတုန်းပဲ... ဟု အကဲဖြတ် သုံးသပ်ပါသည်။

"ဘ၀ဆိုတာ အလွန်တရာ လှပပါတယ်။ ကျွန်တော်တို့ ဖန်တီး ပြုလုပ်ထားတဲ့ လက်ရှိ အရုပ်ဆိုးအကျည်းတန်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် အရာခပ်သိမ်းကို ဆန့်ကျင်နိုင်တဲ့အခါမှ၊ ဂိုဏ်းဂဏဖွဲ့ထားတဲ့ ကိုးကွယ်မှုတွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ ပုပ်သိုးဆွေးမြည့်နေတဲ့ လက်ရှိ လူ့အဖွဲ့အစည်းတွေ ဒါတွေအားလုံးကို ဆန့်ကျင်ပုန်ကန်တော်လှန်ပစ်လိုက်တဲ့ အခါမှသာ ဘ၀ရဲ့နက်ရှိုင်းမှု၊ ကြွယ်ဝမှု၊ ထူးကဲတဲ့အလှအပတွေကို တွေ့မြင်ခံစားနိုင်မှာ ဖြစ်တယ်...."

လူသားတစ်ယောက်ရဲ့ အမှန်တရားဆိုတာကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်နိုင်မယ်..တဲ့။ အတုခိုး-နောက်လိုက်ခြင်း မဟုတ်ဘဲ ကိုယ့်ဘာသာရှာဖွေတွေ့ရှိခြင်း.... ။ ၄င်းသည်ပင် ပညာရေး မဟုတ်ပါလော... ဟု ဆိုပါသည်။

"သေချာတာကတော့၊ သိမ်မွေ့နက်နဲမှုတွေ၊ ထူးကဲတဲ့ အလှအပတွေ၊ ဆင်းရဲဒုက္ခတွေ၊ ပျော်ရွှင်မှုတွေ အားလုံးပါဝင်တဲ့ ဘ၀ရဲ့နယ်ပယ်ကြီးကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်အောင် အားပေးကူညီခြင်းမျိုး မရှိဘူး ဆိုရင် ပညာရေးဟာ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး..." တဲ့။


Last edited by mkn on Mon May 31, 2010 8:18 pm; edited 1 time in total
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty ပညာရေး Vs ကြောက်ရွံ့ခြင်း

Post  mkn Mon May 31, 2010 8:16 pm

ပညာရေး Vs ကြောက်ရွံ့ခြင်း

"ပညာရေးရဲ့ တစ်ကယ့်အလုပ်ဟာ သည်လို ဘ၀ဖြစ်စဉ်ကြီးတစ်ခုလုံးကို သိမြင်နားလည်နိုင်တဲ့ အသိဥာဏ်မျိုး ပွားများလာအောင် လုပ်ပေးရမှာ မဟုတ်လား..."

သည်နေရာတွင် 'ပညာရေး' ဆိုသည်မှာ 'သညာ - Knowledge' ကို ကိုယ်စားပြုပြောနေခြင်းဖြစ်ပြီး၊ 'အသိဥာဏ်' ဆိုသည်မှာ 'ပညာ - Wisdom' ၏ တစ်စိတ်တစ်ပိုင်းအား ရည်ညွှန်း ပြောဆိုသည်ဟု ကျွန်တော်အနေနှင့် နားလည်မိပါသည်။ (တစ်စိတ်တစ်ပိုင်း မဟုတ်ဘဲ ပြည့်ဝတဲ့ 'ပညာ - Wisdom' ဆိုတာ ဘာလဲ.. ဆိုတဲ့ ကျွန်တော့် အယူအဆပိုင်းကို နောက်ပိုင်း အလျဉ်းသင့်သော အခြားပို့စ်များမှသာ ရေးသားတင်ပြပါမည်။)

ရှေ့ဆက်ပါဦးမည်။
ဘ၀ဖြစ်စဉ်ကြီးတစ်ခုလုံးကို သိမြင်နားလည်နိုင်တဲ့ အသိဥာဏ်မျိုး.....။ ဒါဆိုရင် အသိဥာဏ်ဆိုတာ ဘာလဲ။

"အသိဥာဏ်ဆိုတာကိုကော သိကြပါရဲ့လား။ အသိဥာဏ်ဆိုတာ ဘယ်ဟာ ဟုတ်တယ်၊ ဘယ်ဟာ မှန်တယ် ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လာအောင် လွတ်လွတ်လပ်လပ် တွေးခေါ်ကြံစည်နိုင်တဲ့ အစွမ်း ဖြစ်တယ်။ အကြောက်တရားကင်းကင်းနဲ့ ရဲရဲဝံ့ဝံ့ တွေးခေါ်ကြံစည်နိုင်တဲ့ အစွမ်း ဖြစ်တယ်...."


ကရိရှနာ မူရတီ၏ အလိုအရ - ကြောက်ရွံထိတ်လန့်နေလို့ကတော့ ဘယ်တော့မှ အသိဥာဏ် ရရှိလာမှာ မဟုတ်ဘူး။ လောကီဆိုင်ရာ အလိုရမ္မက်ပဲဖြစ်စေ၊ ဘာသာရေးဆိုင်ရာ အလိုရမ္မက်ပဲဖြစ်စေ အလိုရမ္မက်မှန်သမျှ စိုးရိမ်ကြောင့်ကြမှုကို ဖန်တီးပေးပါသည်။ ကြောက်ရွံ့မှုရဲ့ မြစ်ဖျားခံရာ ဖြစ်၏။

ထို့ကြောင့်ပင်၊ အလိုရမ္မက်တွေ၊ ရည်မှန်းတောင့်တမှုတွေဟာ ရှင်းလင်းပြတ်သားတဲ့၊ ရိုးသားဖြောင့်မတ်တဲ့ အသိဥာဏ်ပြည့်ဝတဲ့ စိတ်မျိုး ဖြစ်ပေါ်လာအောင် အားပေးမှာ မဟုတ်ဘူး.. ဟု ဆိုပါသည်။

ထို့နောက် ပညာရေး - ကြောက်ရွံ့ခြင်း - အကြောက်အရွံ့ကင်းခြင်း အဆက်အစပ် သဘောထားအမြင်များကို ဤသို့ ဆက်လက် ထုတ်ဖော် ထားပါသည်။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty ပညာရေး - ကြောက်ရွံ့ခြင်း - အကြောက်အရွံ့ကင်းခြင်း အဆက်အစပ်

Post  mkn Mon May 31, 2010 8:17 pm

ပညာရေး - ကြောက်ရွံ့ခြင်း - အကြောက်အရွံ့ကင်းခြင်း အဆက်အစပ်


ငယ်စဉ်ကာလမှာ ကြောက်ရွံ့စိုးရိမ်စိတ်တွေ ကင်းရှင်းတဲ့ ပတ်ဝန်းကျင်မှာ နေရဖို့ အလွန်အရေးကြီးပါသည်။ အသက်ကြီးလာတာနဲ့ အမျှ ကြောက်ရွံ့လာကြသည်။ နေရေးထိုင်ရေး၊ စားသောက်ရေး၊ အလုပ်ပြုတ်မှာ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ကိုယ့်အိမ်နီးချင်း၊ ကိုယ့်အိမ်ထောင်ဖက်တွေက ပြောမှာဆိုမှာ၊ သေခြင်းတရား.. အစရှိသဖြင့်... လူအားလုံးဟာ ပုံစံတစ်မျိုးမျိုးနဲ့ ကြောက်ရွံ့နေကြသည်ချည်း ဖြစ်ပါတယ်...ဟု ဆိုပါသည်။

ကြောက်ရွံ့မှုရှိနေသမျှ အသိဥာဏ် မရှိနိုင် ဆိုသောကြောင့် ငယ်စဉ်ကာလမှာ ကြောက်ရွံ့မှုတွေ ကင်းဝေးပြီး လွတ်လပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ နေကြရဖို့ မဖြစ်နိုင်ဘူးလား...။

"သည်နေရာမှာ လွတ်လပ်မှုဆိုတာ ကိုယ်ကြိုက်ရာလုပ်နိုင်တဲ့ လွတ်လပ်မှုမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ရှင်သန်ခြင်း ဘ၀ ဖြစ်စဉ်ကြီး တစ်ခုလုံးကို နားလည်သဘောပေါက်နိုင်တဲ့ လွတ်လပ်မှုမျိုးကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်.." တဲ့။

"ကိုယ်ကျင်လည်နေထိုင်ရာ လူ့အဖွဲ့အစည်း၊ ဒါမှမဟုတ် ကိုယ့်မိဘ ဆရာသမားတွေက ပြောဆိုညွှန်ပြတဲ့ အတိုင်း လိုက်နာကျင့်သုံးဖို့ဆိုတာ သိပ်ကို လွယ်ကူလှပါတယ်။ သည်နည်းက ဘေးကင်းပြီး လွယ်ကူလှတဲ့ ဖြစ်တည်နည်း တစ်နည်းပါပဲ။ ဒါပေမယ့် ရှင်သန်နေထိုင်နည်းတော့ မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ အဲသည်နည်းထဲမှာ ကြောက်ရွံ့မှုတို့၊ ယိုယွင်းပျက်စီးမှုတို့၊ သေဆုံးမှုတို့ ရှိနေလို့ပေါ့။ ရှင်သန်စွာနေထိုင်ခြင်းဆိုတာ အမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေခြင်းပါ။ သည်လို ရှာဖွေနိုင်ဖို့က လွတ်လပ်မှု ရှိတဲ့ အခါမှသာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အတွင်းအဇ္ဖျတ္တမှာ အဆက်မပြတ် တော်လှန်ပြောင်းလဲမှု ရှိနေတဲ့ အခါမှသာ ဖြစ်နိုင်ပါတယ်.." တဲ့။

သို့သော်၊ တော်လှန်ပြောင်းလဲရေးအတွက် အားပေးတာမျိုးကို လူတွေက လက်ခံကြမှာ မဟုတ်ဘူး.. ဟု သုံးသပ်ပါသည်။ ဘုရားသခင်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါလို့ ဘယ်သူမှ တိုက်တွန်း ပြောဆိုမှာ မဟုတ်သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ တော်လှန်ပြောင်းလဲတဲ့ အတွေးတွေဟာ အစဉ်လာ မှားယွင်းမှုအားလုံးအပေါ် အန္တရာယ်ပေးနိုင်လာလို့ ဖြစ်ပါသည်.. ဟု ဆိုပါသည်။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty ပညာရေး - အကြောက်အရွံ့ကင်းခြင်း အဆက်အစပ်

Post  mkn Mon May 31, 2010 8:23 pm

ပညာရေး - ကြောက်ရွံ့ခြင်း - အကြောက်အရွံ့ကင်းခြင်း အဆက်အစပ်

"ခင်ဗျားတို့ရဲ့ မိဘတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ခင်ဗျားတို့ကို ဘေးကင်းကင်းနဲ့ နေထိုင်စေချင်ကြတယ်။ ခင်ဗျားတို့ကိုယ်တိုင်းလည်း ဘေးကင်းကင်းနဲ့ပဲ နေချင်ကြတယ်။ ဘေးကင်းကင်းနဲ့ နေထိုင်ခြင်းဆိုတာဟာ ယေဘုယျအားဖြင့် သူများနောက်ကလိုက်ပြီး အတုခိုးနေထိုင်ခြင်းပဲ ဖြစ်တယ်။ ဒါကြောင့် အဲဒီလို နေထိုင်ခြင်းဟာ ကြောက်ရွံ့စိတ်နဲ့ နေထိုင်ခြင်း ဖြစ်ပါတယ်။"

အမှန်တော့၊ ပညာရေးရဲ့ အလုပ်ဟာ အဲသည့် ကြောက်ရွံ့မှုတွေ ကင်းဝေးစွာနဲ့ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်နိုင်အောင် ကူညီပေးဖို့သာ ဖြစ်ပါသည်.. ဟု ဆိုပါသည်။
ထို့နောက် နေ့တဓူဝ လူမှုဖြစ်ရပ်များ၊ အခြေအနေများ ကို သုံးသပ်ဆန်းစစ်ပြပါသည်။ ချွတ်ခြုံကျ ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးဟုပင် ထင်မြင်ချက်ပေးပါသည်။

"ခင်များတို့ မိဘတွေကလည်း လက်ရှိ ချွတ်ခြုံကျ ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးနဲ့ ခင်ဗျားတို့ကို အံဝင်ခွင်ကျ ဖြစ်စေချင်ကြတယ်။ ခင်ဗျားတို့ ကိုယ်တိုင်လည်း အံဝင်ခွင်ကျ ဖြစ်ချင်နေကြတယ်။ "

ချွတ်ခြုံကျ ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျဖြစ်အောင်ပဲ တိုက်တွန်းတာကို ခံနေကြရသည်။ အဲသည့်အတွက်ပဲ သေးသိမ်စွာ ပညာသင်ပေးနေကြတာ၊ ပညာသင်ယူနေကြတာ.... တဲ့။

"ကဲ ဒါဆိုရင် ပညာရေးရဲ့ အလုပ်က ပျက်စီးပုပ်သိုးနေတဲ့ လက်ရှိ လူနေမှုစနစ်နဲ့ လိုက်လျောညီထွေ အဆင်ပြေအောင် ကူညီပေးရေးပဲ ဖြစ်သလား။ ဒါမှမဟုတ် လက်ရှိနဲ့ မတူ တစ်မူထူးခြားတဲ့ လူ့အဖွဲ့အစည်းတစ်ခု၊ ကမ္ဘာသစ်ကြီးတစ်ခုကို ပြုစုဖန်တီးနိုင်မယ့် လွတ်လပ်မှုမျိုးကို ပေးရေးပဲ ဖြစ်သလား။"
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty ----- ရှင်သန်စွာနေထိုင်ခြင်း အဆက်အစပ်

Post  mkn Mon May 31, 2010 8:24 pm

ပညာရေး - ကြောက်ရွံ့ခြင်း - အကြောက်အရွံ့ကင်းခြင်း- ရှင်သန်စွာနေထိုင်ခြင်း အဆက်အစပ်

"ရှင်သန်စွာ နေထိုင်ပြီး၊ အမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေနိုင်မယ့်၊ အသိဥာဏ်နဲ့ ပြည့်စုံလာနိုင်မယ့်၊ သည်ကမ္ဘာကြီးအတွင်း ရေလိုက်ငါးလိုက် နေထိုင်ရုံလောက်မကဘဲ သည်ကမ္ဘာကြီးကို ရင်ဆိုင်ပြီး နားလည်သဘောပေါက်လာနိုင်မယ့်၊ ကိုယ့်အတွင်း အဇ္ဖျတ္တမှာ နက်နက်ရှိုင်းရှိုင်း တော်လှန်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ့် လွတ်လပ်တဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုကို ကျွန်တော်တို့ အလျင်အမြန် ဖန်တီးကြပါမယ်။"

အမှန်တရားကို ရှာဖွေတွေ့ရှိမယ့်သူဟာ အစဉ်အမြဲ တော်လှန်ပြောင်းလဲနေတဲ့သူသာ ဖြစ်သည်။ ရေလိုက် ငါးလိုက် အလိုက်သင့်လုပ်နေတဲ့သူတွေ၊ ဓလေ့ထုံးတမ်းအတိုင်း လိုက်လုပ်နေတဲ့သူတွေ မဟုတ်ဘူး.. ဟု ပြောပါသည်။

"အမြဲတမ်းစူးစမ်းနေတဲ့ အခါမှသာ၊ အမြဲတမ်းစောင့်ကြည့်နေမှသာ၊ အမြဲတမ်း သင်ယူနေတဲ့အခါမှသာ အမှန်တရားကို တွေ့ရှိမှာ ဖြစ်ပါတယ်။ သစ္စာတရားကို တွေ့ရှိမှာ ဖြစ်ပါတယ်။ မေတ္တာတရားကို တွေ့ရှိမှာ ဖြစ်ပါတယ်။ ကြောက်လန့် စိုးရိမ်နေရင်တော့ စူးစမ်းနိုင်မှာ မဟုတ်ဘူး။ စောင့်ကြည့်လေ့လာနိုင်မှာ မဟုတ်ဘူး။ နက်နက်နဲနဲ သိမြင်နိုင်မှာ မဟုတ်ဘူး။ "

ထို့ကြောင့် -

ပညာရေးရဲ့ အလုပ်ဟာ လူသားရဲ့ အတွေးအခေါ်၊ လူသားရဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ မေတ္တာတရားတို့ကို ဖျက်ဆီးနေတဲ့ "ကြောက်ရွံမှု" ကို အတွင်းအပြင် လုံးဝကင်းစင်သွားအောင် ဖယ်ရှားပစ်ရေးပဲ ဖြစ်ပါတယ်.. တဲ့။


mkn
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း Empty Re: ပညာရေး အယူအကောက် တွေးခေါ်မြော်မြင်မှု တစ်စေ့တစ်စောင်း

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum